BREAKING
January 9, 2025

ယခုနှစ်မိုးရာသီ လောင်းလုံးတွင် ထားဝယ်ခရိုင်သပိတ်ကော်မတီ သစ်ပင် ၂၅၀ဝ စိုက်မည်

May 27, 2024

ပုံစာ - ယမန်နှစ်က စိုက်ပျိုးထားသည့် ကျေးရွာချင်းဆက်လမ်းနံဘေးရှိ မန်ဂျန်ရှားပင်များ။ ဓာတ်ပုံ - DDMSC

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ၏ နံဘေးတွင် ယခုနှစ် မိုးရာသီ၌ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က သစ်ပင် ၂၅ဝဝ စိုက်ပျိုးရန်စီစဉ်ထား ကြောင်း ယင်းကော်မတီထံမှ သိရသည်။

မေလ ၂၃ ရက်ကစ၍ လောင်းလုံးမြို့နယ်အတွင်း မန်ဂျန်ရှားအပင် ၃ဝဝ ကို စတင်စိုက်ပျိုးခဲ့ကြပြီး နောက်ထပ် ပျိုးပင် နှစ်ထောင်ကျော်ကိုလည်း ထပ်မံစိုက်ပျိုးရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ကော်မတီ၏ လူထုစည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။

စိုက်ပျိုးရန် မြေနေရာမှာ ဖို့မြေအမျိုးအစားဖြစ်နေ၍ ယင်းမြေအမျိုးအစားတွင် ရှင်သန်နိုင်သည့် မန်ဂျန်ရှား အပင်ကို ရွေးချယ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယမန်နှစ်ကလည်း ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် သစ်ပင် တစ်ထောင်ဝန်းကျင် စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးချိန်နောက်ကျခဲ့ခြင်းနှင့် လယ်ယာမီးရှို့မှုများတွင် မီးလောင်သေဆုံးခြင်းတို့ကြောင့် အပင်ရေ ထက်ဝက်ခန့်သာ ရှင်သန်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ကမ္ဘာကြီးရဲ့ အပူချိန်အရမ်းမြင့်လာချိန်မှာ တတ်နိုင်သမျှ သစ်ပင်တွေလိုက်စိုက်ကြဖို့လိုတယ် ။ ကျွန်တော်တို့ခရိုင်ထဲမှာ လောက်ပဲ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာ တစ်ပင်ရရ နှစ်ပင်ရရ စိုက်ကြဖို့လိုတယ်” ဟု ကိုမင်းလွင်ဦးက ပြောသည်။

ယခုနှစ်နွေရာသီတွင် လောင်းလုံးမြို့အပါအဝင် တနင်္သာရီတိုင်းက မြို့လေးမြို့ အယ်လ်နီညိုဖြစ်စဉ် အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့သည်။

ထို့ကြောင့် နှစ်ရှည်သီးပင်စားပင်များ သေဆုံးသည်အထိ ရာသီဥတုဘေးဒဏ်ကို ကြုံခဲ့ရကြောင်း တိုင်းအတွင်းက စိုက်ပျိုးရေးသမားများထံမှ သိရသည်။