BREAKING
January 11, 2025

မြစ်ကြီးနားထောင်တွင်း ဆန္ဒပြတောင်းဆိုသည့် နိုင်ကျဉ်းအပါအဝင် အကျဉ်းသား ၁၃ဦး ထပ်တိုးထောင်ဒဏ်ချခံရ

May 27, 2024

ဓာတ်ပုံ - မြစ်ကြီးနားသတင်းဂျာနယ်

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်တွင် လွတ်ငြိမ်းခွင့် တရားမျှတမှုမရှိသဖြင့် ဆန္ဒပြခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက ထပ်တိုးထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၂၇ရက်တွင် ထုတ်ပြန်သည်။

လွတ်ငြိမ်းခွင့်ဖြင့် ပြစ်ဒဏ်လျှော့ပေးရာတွင် အကျုံးဝင်သော်လည်း မလွတ်မြောက်သဖြင့် ဧပြီလ ၁၈ ရက်က ဆန္ဒပြတောင်းဆိုကြရာ စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးအပါအဝင် အကျဉ်းသား ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

ထောင်တွင်း ဆန္ဒပြမှုတွင် ပါဝင်သည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၉ဦးကို တိုက်ပိတ်ထားခဲ့ ကြောင်း PPNM ထံမှ သိရသည်။

ယင်းအနက် ဆန္ဒပြပွဲတွင်ဦးဆောင်သည်ဟုဆိုကာ အကျဉ်းသား ၁၃ ဦးကို ထောင်ပြင်ပ မြို့နယ်တရားရုံးသို့ ခေါ်ထုတ်ကာ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆ (၁) ၊ ၆၆ (ဃ) တို့ဖြင့် ထောင်ဒဏ် ၃နှစ်နှင့် ၆လ အမိန့်ချမှတ်ကာ တိုက်ပိတ်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ ပြစ်ဒဏ်ချမှတ်ခံရသူများတွင် ထောင်ဒဏ် ၅နှစ်ကျော်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်းနှင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့် ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့ ပါဝင်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

ထပ်တိုးပြစ်ဒဏ်ချမှတ်ခံထားရသူများမှာ တိုက်ပိတ်ခံထားရသည့်အပြင် မိသားစု၏ ပါဆယ်ပို့ဆောင်ခွင့်လည်း ပိတ်ပင်ခံထားရကြောင်း ဆိုသည်။

ဧပြီလ ၁၈ ရက်က ဖြစ်ပွားခဲ့သည့် ထောင်တွင်း ပစ်ခတ်မှုကို အဓိက ညွှန်ကြားသူမှာ ညွှန်ကြားရေးမှူး ဦးကျော်စိုးဖြစ်ပြီး ထောင်ပိုင်ကြီး ဦးကျော်စိန်မြင့်၊ ထောင်ပိုင်လေး ဦးကျော်မင်းဦးတို့သည်လည်း အမိန့်ပေးခိုင်စေသူများထဲတွင် ပါဝင်ကြောင်း PPNM က ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်တွင် ထောင်ပိုင်လေး ကျော်မင်းဦး၊ ထောင်ဆေးရုံဆရာဝန် ထွန်းထွန်းအောင် အပါအဝင် ထောင်ဝန်ထမ်း ငါးဦး ဖမ်းဆီးထိန်းသိမ်း အရေးယူခံရကြောင်း အဆိုပါကွန်ရက်က ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြစ်ကြီးနားအကျဉ်းထောင်ကို တာဝန်ခံအသစ်များ အစားထိုးအုပ်ချုပ်နေကြောင်းလည်း ဆိုသည်။ အစားထိုး တာဝန်ထမ်းသူများအနက် ထောင်ပိုင်လေး ဇေယျာလင်းမှာ အင်းစိန်ထောင်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး အကျဉ်းသားများကို ဆဲဆိုဖိနှိပ်တတ်သူဖြစ်ကြောင်းလည်း PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။