ထားဝယ်မြို့နယ် ၊ ကနိုင်းဒါရွာနှင့် ရှင်မုတ္ထီးရွာအကြားရှိ တိုးဂိတ်အနီးတွင် ဧပြီလ ၂၆ ရက် ညနေပိုင်း၌ လယ်ထွန်စက်မောင်းလာသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး အနီးတွင်လယ်ထွန်စက် တစ်စီးလည်း တိမ်းမှောက်နေသည်ကို မြင်တွေ့ခဲ့ရကြောင််း ဒေသခံများကဆိုသည်။
လယ်ထွန်စက်သည် ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့ဘက်သို့ ဦးတည်နေပြီး ကားလမ်းမ၏ ဘယ်ဘက်လမ်းနံဘေးသို့ ထိုးကျနေကြောင်း သေဆုံးနေသူမှာ ထွန်စက်မောင်းသူဖြစ်နိုင်ကြောင်း ၎င်းတို့ကဆိုသည် ။
ယင်းအမျိုးသားသည် ထားဝယ်မြို့နယ်၊ ကူးတို့ရွာမှ ကိုဘစိုးကြည် ဆိုသူဖြစ်ပြီး လယ်ထွန်စက်မောင်းလာသူ ဖြစ်နိုင်ကြောင်း ဒေသခံတို့ကပြောသည် ။
“အလောင်းမှာက ခေါင်းမှာ ကျည်ဆန်ဖောက်ဝင်ထားတဲ့ အပေါက်ကြီးနှစ်ပေါက်၊ အပေါက်ငယ်တစ်ပေါက်နဲ့ လဲကျနေတာ။ ညနေ ၅ နာရီခွဲလောက်မှာ ပရဟိတအဖွဲ့တွေက အလောင်းလာကောက်ပြီး ထားဝယ်ဆေးရုံကို သယ်သွားတယ်။ အလောင်းလာမကောက်ခင် ကတည်းက အသက်ကမရှိတော့ဘူး ” ဟု အလောင်းအား မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည် ။
ယင်းလယ်ထွန်စက်မောင်းလာသူကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ကို ယနေ့ ဧပြီလ ၂၇ ရက် ညနေအထိ မသိရသေးသလို၊ ထုတ်ပြန်သည့် အဖွဲ့လည်း မရှိသေးပေ။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ယခုလယ်ထွန်စက်မောင်းသူ သေဆုံးခဲ့သော နေရာအနီးရှိ မြို့ဝင်ကြေးကောက်သည့် ကနိုင်းဒါတိုးဂိတ်ကို အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခု လာရောက်ဖျက်ဆီးခဲ့သဖြင့် မြို့ဝင်ကြေးဂိတ်ကို ထားဝယ်မြို့အဝင် ပေါက်တိုင်းစစ်ကောင်စီဂိတ်အနီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း ဒေသခံများနှင့် ကားသမားများထံမှသိရသည် ။