BREAKING
April 27, 2025

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာဝန်းကျင်ကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်

April 27, 2025

ပုံစာ - သိန်ခွန်းကျေးရွာအနီးဝန်းကျင်တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ထိုင်း-မြန်မာ မောတောင်နယ်စပ်လမ်းရှိ သိန်ခွန်းကျေးရွာနှင့် အနီးအနားရှိရွာများကို ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဧပြီ ၂၅ရက် နံနက်တွင် သိန်ခွန်းရွာ၊ ချောင်းလမုရွာနှင့် အနီးအနားရှိ ရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ရေ ၂၀ကျော်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

”အခုတစ်ပတ်အတွင်း တိုက်ပွဲက ငြိမ်နေတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ သူတို့(စကစ)ဘက်က အကြောင်းမဲ့ ထပစ်တာ။ အဲဒီနားမှာရှိတဲ့ရွာတွေကို (လက်နက်ကြီးကျည်) လျှောက် ကျတယ်” ဟု ၎င်းက ပြောဆိုသည်။

လတ်တောတွင် တိုက်ပွဲငြိမ်သက်နေသဖြင့် ရွာတွင်ပြန်နေသူအချို့ရှိနေကာ စစ်ကောင်စီတပ်က ယင်းကဲ့သို့ လက်နက်ကြီး ပစ်ခတ်နေသောကြောင့် စိုးရိမ်နေရကြောင်း အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။

“ရွာထဲကိုတော့ အကုန်လုံး ပြန်လာမနေကြသေးဘူး။ တချို့တစ်ဝက်ပဲ လာနေကြတယ်။ သတိနဲ့တော့ နေကြရတယ်။ လက်နက်ကြီးပစ်တော့ ထိတ်လန့်ပြီး ပြန်ပြောင်းကြသူလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များက ကျေးရွာအနီးဝန်းကျင်ကို ကျရောင်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အထက်ပါကျေးရွာများတွင် ရက်ရှည်ဖြစ်လာသည့် စစ်ရှောင်များမှာ တောတောင်အတွင်း နေထိုင်ရသဖြင့် သောက်သုံးရေ ရှားပါးခြင်း၊ နေမကောင်းဖြစ်လာပါက ဆေးခန်းနှင့်အလှမ်းဝေးခြင်း၊ မိုးရွာပါက နားခိုရန် အမိုးအကာများ မလုံလောက်ခြင်း၊ ခြင်ထောင် မရှိသဖြင့် ခြင်ကိုက်ခံရပြီး ငှက်ဖျားရောဂါဖြစ်ခြင်း စသည့် အခက်အခဲများကြုံနေရကြောင်း စစ်ဘေးရှောင်ကူညီနေသူအချို့က ပြောသည်။