တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာနေ အသက် ၇၄ နှစ်အရွယ် အဘွားတစ်ဦး စစ်ရှောင်နေသည့်နေရာတွင် ရင်ကျပ်ရောဂါဖောက်လာပြီး သေဆုံးကြောင်း ဒေသခံများနှင့် ဆွေမျိုးတော်စပ်သူအချို့ထံမှ သိရသည်။
ဧပြီလ ၂၄ရက် ည ၇နာရီဝန်းကျင်တွင် ရင်ကျပ်လာပြီး သေဆုံးကြောင်း အမျိုးတော်စပ်သည့် အမျိုးသမီးတစ်ဦး ကဆိုသည်။
”စစ်ရှောင်ရင်း တောထဲမှာနေတော့ ပြဖို့ဆေးခန်းလည်းမရှိ။ အသက်ကလည်း ကြီးနေပြီလေ။ အခြေအနေကလည်း ဆိုးလာတော့ ရွာပြန်လာတယ်။ ရွာမှာပဲ ဆုံးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။
တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ချောင်းလမုရွာသားများ စစ်ရှောင်နေရသည်မှာ သုံးလကျော်ပြီ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါစစ်ဘေးရှောင်များမှာ နီးစပ်ရာရွာများနှင့် တောတောင်အတွင်း နေထိုင်ကြရပြီး နေမကောင်းဖြစ်လာပါက ဆေးခန်းမရှိသဖြင့် စစ်ရှောင်ကူညီနေသည့်အဖွဲ့များ ရောက်လာချိန်မှသာ ပြသရကြောင်း အသက်၂၇နှစ်အရွယ် စစ်ရှောင်အမျိုးတစ်ဦးက ပြောသည်။
”အဲဒီအဘွားက သူရင်ကျပ်တော့ တစ်ရွာကျော်မှာရှိတဲ့ ဆေးခန်းကို သွားပြဖို့ ဆိုင်ကယ်ပေါ်တင်ပြီး သူနေအိမ် နှစ်အိမ်ကျော်ပဲ ရောက်သေးတယ်။ ဆိုင်ကယ်ပေါ်မှာပဲ အသက်ထွက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။
သိန်ခွန်းနှင့် ချောင်းလမုရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာနေ ဒေသခံများ စစ်ရှောင်နေရသည့်နေရာများတွင် ဆေးခန်းမရှိသဖြင့် ဆေးခန်းရှိသည့် အခြားဒေသမှ စပ်ဆေးကိုသာ ဝယ်သောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က အင်အားရာချီသုံးပြီး စစ်ကြောင်း ထိုးလာသဖြင့် သိန်ခွန်းကျေးရွာနှင့် အနီးအနားကျေးရွာများတွင် ငါးလနီးပါးကြာသည်အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုကြောင့်လည်း အနီးဝန်းကျင်ရှိ ကျေးရွာနေ ဒေသခံများလည်း နီးစပ်ရာ ကျေးရွာ၊ တောတောင်ဥယျာဉ်ခြံများအတွင်း စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။