ကော့သောင်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူက ဇနီးကိုသတ်ပြီး ယင်းနောက် ခင်ပွန်းဖြစ်သူလည်း ကြိုးဆွဲချသေဆုံးကြောင်း ဒေသခံများက ပြောသည်။
ကော့သောင်းမြို့၊ ချမ်းဖန်းကျေးရွာ၌ ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၅နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းနှင့် ဇနီးတို့ နှစ်ဦးစလုံးသေဆုံးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“သူ့ယောင်္ကျားက စိတ်သိပ်မနှံ့ဘူး။ ရန်ဖြစ်ပြီး သူ့ဇနီးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တယ်လို့ကြားရတယ် ” ဟု ၎င်းက ပြောဆိုသည်။
သေဆုံးသူများသည် ချမ်းဖမ်းရွာတွင် နေထိုင်သည့် အသက် ၆၄နှစ်အရွယ် ဦးသန်းလွင်နှင့် ဇနီးဖြစ်သူ အသက် ၆၆နှစ်အရွယ် ဒေါ်ခင်သန်းတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရုပ်အလောင်းများကို ကော့သောင်းမြို့ (၂) မိုင်ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် ရွှေအဏ္ဏဝါပရဟိလူငယ်အဖွဲ့ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ (ကော့သောင်းမြို့) ထံမှ သိရသည်။
“ကျွန်တော်တို့ ရောက်သွားချိန်မှာ ယောင်္ကျားက ကြိုးတန်းလန်းနဲ့ သေနေတာတွေ့တယ်။ သူဇနီးက နောက်စေ့မှာ ပြတ်ရှဒဏ်ရာနဲ့ သေနေတာတွေ့ရတယ်” ဟု ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ မွန်းတည့်ပိုင်းတွင်မူ ရုပ်အလောင်းများကို မိသားစုက ရွာသို့ ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။
လူသတ်မှု၊ သတ်သေမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။