BREAKING
April 27, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းတိုက်ပွဲဖြစ်၊ စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

April 27, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ နဘုလယ်ဒေသ၌ ယနေ့ ဧပြီလ ၂၇ ရက်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

လဲရှောင်ရွာ၏ အနောက်မြောက်ဘက်တွင် ယနေ့ နံနက် ၈ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များကြား နှစ်ဖက်တိုက်ပွဲဖြစ်ကြောင်း နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန် နေ့လယ် ၁၂ နာရီကျော်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း နဘုလယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“လေယာဉ်လာချိန် ကျွန်တော် သစ်ပင်အောက်မှာ ပုန်းနေတယ်။ တော်တော်ကြမ်းတယ် တိုက်ပွဲက။ ၈ နာရီလောက် ကတည်းကဖြစ်နေတာ လေယာဉ်မလာခင် ၁၀ နာရီလောက်မှ နည်းနည်း ငြိမ်တယ်။ အခုလည်း တစ်ချက်တစ်ချက် ပစ်နေတုန်း” ဟု ၎င်းက မွန်းလွဲပိုင်းတွင် ပြောသည်။

အင်အား ၈၀ နီးပါးရှိသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သုံးရက်ခန့်မှစ၍ လဲရှောင်ရွာ၏ အနောက်မြောက်ဘက်တွင် ယာယီစစ်စခန်း ဆောက်ရန်ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထိုစစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ယနေ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ခြင်းဖြစ်သည်။

ထို့ကြောင့် နဘုလယ်ဒေသရှိ ထိန်ကြီး၊ လဲရှောင်၊ ပရဒပ် စသည့်ကျေးရွာများက ဒေသခံများသည် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း နဘုလယ်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထားဝယ်ခရိုင်တွင် ယခုသီတင်းပတ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နေ့စဉ်နီးပါး ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး စစ်ရေးပြင်းထန်လျက်ရှိသည်။