BREAKING
April 27, 2025

မီးပိုစားတဲ့အေအိုင်နဲ့ စွမ်းအင်ဆာလောင်မှုများ

April 27, 2025

ခေတ်စားလာနေတဲ့ ဉာဏ်ရည်တုနည်းပညာ အေအိုင်ဟာ စွမ်းအင်လိုအပ်ချက်ပိုမြင့်ကြောင်း နဲ့ ဆက်စပ်ပြီး တခါရေးခဲ့ပါတယ်။ အခုတခါမှာတော့ အေအိုင်နည်းပညာများစွာဖွံ့ဖြိုးလာဖို့နဲ့ အသုံးပိုတွင် ပိုအလုပ်ဖြစ်လာဖို့ အတွက် ဒေတာစင်တာတွေ ပိုလိုလာတာနဲ့ ပတ်သက်လို့ဆွေးနွေးမှာပါ။

စွမ်းအင်လိုအပ်ချက်ပိုများတဲ့ အေအိုင် နည်းပညာအတွက် ဒေတာစင်တာတွေပိုဆောက်ရင် သေချာတာကတော့ ဒီ့အတွက် စွမ်းအင်လိုအပ်ချက်က ပိုလာမှာပါ။ ဒီလိုအခြေအနေမျိုးကနေ မေးခွန်းကြီးတစ်ခုထွက်လာပါတယ်။ အေအိုင်နည်းပညာဟာ ကမ္ဘာကို ပိုညစ်ညမ်းစေမှာလား ဆိုတာပါ။

ဒီမေးခွန်းက ယနေ့ကမ္ဘာမှာ သုံးနေတဲ့ လျှပ်စစ်ဓာတ်အား (အရပ်ခေါ် မီး)ရဖို့အတွက် ဘယ်လိုအရာကို ဘယ်လိုနည်းနဲ့ သုံးနေလဲဆိုတာကို အခြေခံပါတယ်။ ပြောရရင် နိုင်ငံတွေမှာ ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ် နဲ့ သဘာဝဓာတ်ငွေ့လို ရုပ်ကြွင်းလောင်စာတွေနဲ့ လျှပ်စစ်ထုတ်ကြရပါတယ်။

ပြီးတော့ ပြည့်ဖြိုးမြဲစွမ်းအင်လို့ ညွှန်းကြတဲ့ ရေအား၊ လေအား၊ ဆိုလာပြားတွေ နဲ့ထုတ်သလို နျူနည်းပညာနဲ့လည်းထုတ်ပါတယ်။ အများစုကတော့ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ကို မှီခိုတာလို့ဆိုပါတယ်။ ကိန်းဂဏန်းအရလည်း ရုပ်ကြွင်းလောင်စာသုံးရတာက တကမ္ဘာလုံးအနေနဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။

ဒီနည်းနဲ့လျှပ်စစ်ထုတ်ရင် ကာဗွန်နဲ့ အခြားအန္တရာယ်ရှိတဲ့အရာတွေထွက်တာမို့ ကမ္ဘာကို ညစ်ညမ်းစေတယ်လို့ဆိုကြပါတယ်။

ကျန်တဲ့နည်းတွေဖြစ်တဲ့ ရေအားလျှပ်စစ် နဲ့ နျူနည်းပညာ ကလည်း သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိစေတာ နဲ့ မတော်တဆအခြေအနေမှာ အန္တရာယ်ဖြစ်ရင် အလွန်ဆိုးတတ်တာမို့လည်း ကမ္ဘာကို ညစ်ညမ်းစေတဲ့ အထဲထည့်ထားပါသေးတယ်။

လေအားနဲ့ ဆိုလာပြားကိုတော့ အကောင်းမြင်ကြပေမဲ့ အဲဒီနည်းပညာတွေအတွက်လိုအပ်တဲ့ သတ္တုတွေတူးရမှာမျိုးတွေကြောင့် ကမ္ဘာကို လုံးဝ မထိခိုက်စေတာ မျိုးတော့ မဟုတ်ပါဘူး။ သူလည်း သွယ်ဝိုက်လို့ ဖြစ်စေ ညစ်ညမ်းမှုဖြစ်စေတာမျိုးပါ။

ဒါကြောင့် လျှပ်စစ်ထုတ်တဲ့ နည်းပညာအများစုဟာ သဘာဝပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးရှိနေလို့ မီးပိုစားတဲ့ အေအိုင်အတွက် လျှပ်စစ်ပိုထုတ်ဖို့လိုလာတာကြောင့် အေအိုင်နည်းပညာဟာ ကမ္ဘာကို ပိုညစ်ညမ်းစေမှာလားလို့ မေးခွန်းထွက်လာတာမျိုးဖြစ်ပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေဟာ မြန်မာပြည်နဲ့ ကပ်ရက်က ထိုင်း၊ အာစီယံနိုင်ငံတွေထဲက ဗီယက်နမ်လို ဖွံ့ဖြိုးမှု အညွှန်းကိန်းမြင့်နေတဲ့ နိုင်ငံတွေမှာ ဒေတာစင်တာတွေပိုဆောက်ဖို့ ခြေလှမ်းထားပြီးသားဖြစ်ပါတယ်။

အေအိုင် နည်းပညာအတွက်လိုအပ်တဲ့ ဒေတာ စင်တာတွေဟာ စွမ်းအင်ပိုလိုမှာပါ။ ယခင်ကထက် အဆများစွာ ပိုလို နိုင်ပါတယ်။ ဥပမာ ရိုးရိုး ဂူဂဲလ်ခေါက်တာနဲ့ အေအိုင်ကိုမေးတာဟာ မီးစားနှုန်း ၁၀ ဆမက ကွာနိုင်ပါတယ်။

မီးစားသက်သာအောင်လုပ်နေတယ်ဆိုပေမဲ့ တိုးချဲ့မှုများလာတာနဲ့အမျှ စွမ်းအင်လိုအပ်ချက်ဟာ သိသိသာသာ မြင့်လာမှာပါ။ ဒီတော့ လျှပ်စစ်မီးပိုထုတ်ဖို့ ရုပ်ကြွင်းလောင်စာပိုသုံးရင် ကမ္ဘာကြီးပိုပူနွေးပြီး ပိုညစ်ညမ်းနိုင်ပါတယ်။

ဒါဆိုရင် လျှပ်စစ်ကို ပြည့်ဖြိုးမြဲစွမ်းအင် သို့မဟုတ် သန့်ရှင်းတဲ့ နည်းလမ်းတွေကနေ ပိုထုတ်မှသာ ညစ်ညမ်းမှုနည်းမှာဖြစ်ပါတယ်။

ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အကျိုးအမြတ်ရရှိရေးတွေပါနေတဲ့အတွက် စွမ်းအင်လိုအပ်မှုများတဲ့ ဒေတာ စင်တာကြီးတွေအတွက် လျှပ်စစ်မီးကို ဈေးကြီးပေးဝယ်ပါ့မလားဆိုတာ မေးခွန်းဖြစ်ပါတယ်။ ဈေးချိုချိုနဲ့ လျှပ်စစ်ရဖို့ ဘယ်နည်းသုံးမလဲ ဆိုတာကလည်း လုပ်ငန်းကြီးတွေနဲ့ အစိုးရတွေအကြားက ဆွေးနွေးမှုတွေ အပေါ်မှာမူတည်နေပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေရဲ့ အကျိုးအမြတ်နဲ့ ဦးစားပေးမှုနဲ့ လူထုကို မငဲ့တဲ့ အစိုးရ၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်အရေးကို အလေးမထားတဲ့ အစိုးရမျိုး၊ ကိုယ့်နိုင်ငံတခုတည်း ကောင်းစားဖို့ ဆိုတဲ့ အမျိုးသားအကျိုးစီးပွားရှေ့တန်းတင်တဲ့ နိုင်ငံ့ခေါင်းဆောင်မျိုးတွေ ဆုံတဲ့ အခါ အခြားသော ပြဿနာများစွာပေါ်လာနိုင်ပါတယ်။

စွမ်းအင်ဆာလောင်မှုများလာတဲ့ ဖွံ့ဖြိုးမှုနှုန်းမြင့်တဲ့ နိုင်ငံတွေဟာ သူတို့လိုအပ်တဲ့ စွမ်းအင်အတွက် ဖွံ့ဖြိုးမှုနှုန်းနည်းတဲ့ နိုင်ငံအချို့ကို ချဉ်းကပ်ပြီးလည်း စွမ်းအင်အရင်းအမြစ်ရယူနိုင်ပါတယ်။ ဒါကလည်း ကုန်ကျစရိတ် ဈေးနှုန်း ကိစ္စအပြင် နိုင်ငံတွင်းမှာရှိတဲ့ ထိလွယ်ရှလွယ် နိုင်ငံရေးအခြေအနေမျိုးကြုံလာမှာ၊ မတည်ငြိမ်မှုတွေပေါ်လာမှာမျိုးကိုလည်း ရှောင်ချင်တာမျိုးပါနိုင်ပါတယ်။

နီးစပ်ပြီး မြင်သာတဲ့ ဥပမာ အနေနဲ့ မြန်မာနဲ့ ကပ်ရပ်က ထိုင်းနိုင်ငံကို ကြည့်နိုင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်း နဲ့ ရဲတံခွန်၊ နောက်ပိုင်းမှာ ဇောတိက စီမံကိန်းတို့ဟာ မြန်မာ့ကမ်းလွန်က သဘာဝဓာတ်ငွေ့ကို ထိုင်းကို ပို့တာပါ။ ဆက်ပြီးတိုးချဲ့ဖို့လည်း သတင်းတွေမှာဖတ်ရပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံက လျှပ်စစ်လိုအပ်ချက် အတွက် ခြေလှမ်းခဲ့တာတွေပါ။

ဒီစီမံကိန်းတွေကြောင့် စစ်အာဏာရှင်တွေ သက်ဆိုးရှည်ခဲ့သလို ဒေသခံတွေအပြင် မြန်မာပြည်သူအများအပြား ဒုက္ခရောက်ခဲ့တယ်ဆိုတာလည်း သုတေသနတွေ့ရှိချက်တွေ ရှိပါတယ်။

ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအို နဲ့ ကမ္ဘောဒီးယာမှာလည်း စွမ်းအင်စီမံကိန်းတွေ ရင်းနှီးမြှုပ်နှံလို့ ဆောင်ရွက်နေပါတယ်။ မြင်သာတဲ့ ကိစ္စတွေကတော့ ထိုင်းကုမ္ပဏီတွေက ထိုနိုင်ငံတွေမှာ ရေအားလျှပ်စစ် စီမံကိန်းတွေ လုပ်ဆောင်နေတာပါ။ ထိုင်းကုမ္ပဏီအချို့အနေနဲ့ မြန်မာမှာလည်း ဒီလို အလားတူ ရေအားလျှပ်စစ် စီမံကိန်းမျိုးကို လုပ်ဆောင်ဖို့ စိတ်ထက်သန်ပါတယ်။

ဥပမာ သံလွင်မြစ်ပေါ်မှာတမံဆောက်ဖို့ လျာထားခဲ့တာမျိုးပါ။ ဒီလို စွမ်းအင် အရင်းအမြစ်ရှာတဲ့ ကိစ္စတွေမှာ သဘာဝပတ်ဝန်းကျင်ကိစ္စတွေအပြင်၊ ဒေသခံတွေ ဌာနေတိုင်းရင်းသားအခွင့်အရေးတွေ အစရှိတဲ့ အရေးကိစ္စတွေကို လစ်လျူရှုတာနဲ့ ပတ်သက်လို့လည်း ပြဿနာများစွာရှိနေခဲ့ပါတယ်။

ဒီလို ထိရှလွယ်တဲ့ ကိစ္စတွေရှိလာနိုင်တဲ့ စွမ်းအင်စီမံကိန်းတွေကို သူ့နိုင်ငံထဲမှာ ဘာလို့ မလုပ်သလဲဆိုတာကတော့ တွေးဆဖွယ်ရာဖြစ်ပါတယ်။ ကုန်ကျစရိတ်နဲ့ အမြတ်တွက်ချေ မကိုက်လို့လား၊ သဘာဝရေခံမြေခံအရ ဆက်မလုပ်နိုင်တော့တာမျိုးလား၊ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်စေနိုင်တဲ့ ကိစ္စတွေ ပေါ်လာမှာ စိုးလို့လား အစရှိသဖြင့် တွေးဆစရာများစွာရှိပါတယ်။

တိုးတက်မှုနှုန်းမြင့်လာတဲ့ ဗီယက်နမ်ဆိုရင်လည်း ထိုင်းနဲ့ အလားတူ လာအိုနဲ့ ကမ္ဘောဒီးယားမှာ ရေအားလျှပ်စစ် စီမံကိန်းတွေကို ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါကြောင့်မို့လည်း စွမ်းအင်လိုအပ်ချက် အတော်မြင့်တဲ့ နည်းပညာ အခြေပြု စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးလာရင် အဆင်သင့် ဖြစ်နေအောင် လျှပ်စစ်လိုအပ်ချက်ကို တွက်ချက် ပြင်ဆင်ထားတာပါ။

လာအိုနဲ့ ကမ္ဘောဒီးယားလိုမျိုး တင်းကျပ်တဲ့ နိုင်ငံရေးအခြေအနေရှိတဲ့ နိုင်ငံတွေလိုမျိုးမှာ အစိုးရက လက်ညှိုးညွှန်ရာ အလုပ်တွင်နိုင်တာမျိုးမို့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အကွက်မြင်တဲ့ အစိုးရခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားနဲ့ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား ကိစ္စတွေအတွက် ရသလောက် အမြတ်ထုတ်ကြမှာပဲဖြစ်ပါတယ်။ အမြတ်ရသူတွေ ရှိသလို ဆိုးကျိုးခံစားရမယ့် သူတွေလည်း ထုနဲ့ ဒေးရှိနိုင်ပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ ကြီးပွားသွားကြတဲ့ လူတစု၊ အာဏာပိုမြဲလာတဲ့ လူတွေကိုလည်း မြင်ကြရမှာပါ။

အေအိုင်နည်းပညာအတွက် ချဲ့ထွင်လာတဲ့ ဒေတာ စင်တာတွေ ဆောက်မယ့် ဖွံ့ဖြိုးမှုနှုန်း မြင့်တဲ့ နိုင်ငံတွေမှာ ခပ်မြန်မြန် ကြီးမားလာမယ့် စွမ်းအင်လိုအပ်ချက်ဟာ တကမ္ဘာလုံးကို သက်ရောက်မှုရှိမှာပါ။

ဆင်းရဲတွင်း နက်လာနေပြီး စစ်မီးမငြိမ်းသေးတဲ့အပြင် သဘာဝ ကပ်ဘေးအချို့ပါ ကြုံရတဲ့ မြန်မာအပေါ်မှာလည်း သက်ရောက်မှုရှိမှာပါ။ အထက်မှာ ဆွေးနွေးခဲ့တဲ့ ထိုင်းနိုင်ငံကပါဝင်ခဲ့ (ယခုအခါ ပို၍ပါဝင်လာ၊ တိုးချဲ့ရန်ရှိ) တဲ့ သဘာဝ ဓာတ်ငွေ့စီမံကိန်းတွေလိုမျိုးနဲ့ ချိတ်ဆက်တွေးဆကြည့်နိုင်ပါတယ်။

တကမ္ဘာလုံး အနေနဲ့လည်း အေအိုင် အတွက် ရုပ်ကြွင်းလောင်စာနဲ့ ရေအားလို ပြည့်ဖြိုးမြဲကိုသာ ဦးစားပေးရွေးရင် (သို့) နျူလို အန္တရာယ် အလွန်ရှိတဲ့ နည်းပညာမျိုးကိုသာရွေးရင် ပိုများတဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဥတုရာသီဖောက်ပြန်မှုနဲ့ အခြား ဆက်စပ် ဘေးထွက်တွေကို ပိုခံစားရလာနိုင်ပါတယ်။

သတင်းတွေအရတော့ ဂူဂဲလ်၊ အမေဇုန်နဲ့ ဖေ့စ်ဘုတ်ရဲ့ မက်ထာ လိုမျိုး နည်းပညာလုပ်ငန်းကြီးတွေကတော့ နျူနည်းပညာကို တိုးလုပ်ဖို့ အာသီသရှိကြတာ ဖတ်ရပါတယ်။

အေအိုင်နည်းပညာကတော့ လူတွေရဲ့ အနီးကပ်ဆုံးကို ရောက်လာနေပါပြီ။ အသုံးပြုနေကြပါပြီ။ အေအိုင်ကြောင့် လူသားတွေ အလုပ်ပြုတ်မလား၊ လူသားတွေကို လှည့်စား အနိုင်ယူသွားမလား ဆိုတာမျိုးလည်း ကြောင့်ကြစိတ်ဝင်နေသူတွေလည်းရှိပါတယ်။

အေအိုင်ကြောင့် ကမ္ဘာဟာ ပိုညစ်ညမ်းပြီး ရာသီ ဥတု ဖောက်ပြန် တာ မျိုးဖြစ်မလားဆိုတာလည်း မေးခွန်းထုတ်သူတွေရှိပါတယ်။ တဖက်မှာတော့ အေအိုင်နဲ့ ဆက်စပ်လို့ စွမ်းအင်လိုအပ်ချက် ကြီးလာရာကနေ အခြားသော ဆက်စပ်ပြဿနာတွေ များလာလေမလား လို့လည်း ဆက်စပ်တွေးတောလို့ ဆင်ခြင်နေကြလျက်ရှိပါတယ်။

ငုယဉ်ခိုင်

Ref:

  1. Electricity Mix – Our World in Data, accessed April 25, 2025,
  2. www.msci-institute.com, accessed April 25, 2025,
  3. Global Electricity Review 2024 | Ember, accessed April 25, 2025,
  4. What Electricity Sources Power the World? – Visual Capitalist, accessed April 25, 2025,
  5. Report-Global-Electricity-Review-2024 – Ember, accessed April 25, 2025,
  6. Meta, Google, and Amazon Join Global Pledge to Triple Nuclear Energy by 2050,

No related posts found.