မြိတ်မြို့ဆိပ်ငယ်ဘောတံတားတွင် ယနေ့ ဧပြီ ၂၇ ရက် နံနက်ပိုင်းက စပိဘုတ်အမြန်ရေယာဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များ စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
မြိတ်-ထားဝယ်ကားလမ်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်သူများမှာ ငွေကြေးအကုန်အကျများစွာဖြင့် ရေလမ်းကို အသုံးပြုသွားကာ ထားဝယ်သို့ သွားလာနေရကြခြင်းဖြစ်သည်။
“ဒီနေ့ စပိဘုတ်နဲ့ ထားဝယ်ပြန်မယ်။ ကားကိုတော့ မြိတ်မှာထားခဲ့လိုက်တယ်။ မစောင့်နိုင်တော့ဘူးလေ။ ရက်ကြာလာလေ စားစရိတ် နေစရိတ်က မလွယ်တော့ဘူး။ အေးဆေးဖြစ်မှပဲ ကားပြန်ဆင်းယူတော့မယ်” ဟု ကော့သောင်း -ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။








မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်တို့ကြား ဧပြီ ၁၈ ရက်ကစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။
တိုက်ပွဲကြောင့် မြိတ်-ထားဝယ်လမ်းပိုင်း ပိတ်နေသည်မှာ ၁၀ ရက်မြောက်ရှိလာပြီဖြစ်သည်။
ခရီးသွားပြည်သူများမှာ ဧပြီလ ၂၀ရက်မှစ၍ ရေကြောင်းဖြင့် ခရီးသွားလာနေရပြီး ယနေ့မှာ ၈ ရက်မြောက် ရှိလာပြီဖြစ်သည်။