BREAKING
April 27, 2025

မောင်မယ်ရှောင် ဟားလီးကွေ့စခန်းကို တော်လှန်ရေးအင်အားစုများသိမ်းယူ

April 27, 2025

ပုံစာ - ဧပြီလ ၂၆ ရက်တွင် ဝေဟင်မှ မြင်တွေ့ရသည့် ဟားလီးကွေ့ စခန်း ။ ဓာတ်ပုံ - ဒူရကစစ်ကြောင်း ။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဟားလီးကွေ့ (လမ်းအကွေ့) ရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေသည့် အရပ်သားများ၏ နေအိမ်ခြံဝင်းများတွင် စခန်းပြုလုပ်ထားသည့် စစ်ကောင်စီတပ်စခန်းကို ထားဝယ်အခြေစိုက် တော်လှန်ရေးအင်အားစုများ က တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဧပြီလ ၂၆ ရက် နံနက် ၅ နာရီခန့်မှ တိုက်ပွဲ စတင်ဖြစ်ပွားပြီ ညနေ ၅ နာရီတွင် စခန်းကို အလုံးစုံဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်များက ပြောသည်။

တိုက်ပွဲကြာချိန် ၁၂ နာရီအတွင်း မောင်မယ်ရှောင်ကျေးရွာပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဌာနချုပ်တို့က လက်နက်ကြီးများ ဆက်တိုက်ပစ်ကူပေးခဲ့သည့်အပြင် နံနက်၉နာရီ ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ဆိုသည်။

တိုက်ပွဲဖြစ်နေစဥ်အတွင်း မောင်မယ်ရှောင်ကျေးရွာနှင့် ကပ်လျက် တည်ရှိသည့် ဇဟာရွာတွင် လက်နက်ကြီး ကျည်စထိမှန်၍ အရပ်သား ဇနီးမောင်နှံနှစ်ဦးသေဆုံးခဲ့ပြီး ရဟန်း နှစ်ပါးလည်း ဒဏ်ရာရခဲ့သည် ။

အင်အား ၃၀ ဝန်းကျင်နေရာယူထားသည့် ဟားလီကွေ့စခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် အရာရှိအချို့အပါအဝင် စစ်ကောင်စီတပ်သား တစ်ဆယ်ကျော် အရှင်ဖမ်းမိခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ် နှစ်ဆယ်ကျော် သိမ်းဆည်း ရရှိကြောင်း တိုက်ပွဲတွင်ပါဝင်သည့်တပ်ဖွဲ့တစ်ခု၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည် ။

“စခန်းမှာ စစ်ကောင်စီဘက်က ရာထူးအကြီးဆုံးတစ်ယောက်က တိုက်ပွဲထဲမှာ သေနတ်အရှည်နဲ့ သူ့ကိုယ်သူ ပစ်သတ် လိုက်တာ မျက်မြင်တွေ့ကြရတယ်။ ကျန်တဲ့ အသေတွေလည်းရှိတယ်။ အရေအတွက်က အတည်ပြုနေပါတယ်။ အသေးစိတ်လည်း ထပ်ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ဧပြီလ ၂၇ ရက် နံနက်ပိုင်းတွင်လည်း ဇဟာရွာနှင့် မောင်မယ်ရှောင်ရွာအကြားတွင် ပစ်ခတ်သံအချို့ ထပ်ကြားရပြီး လက်နက်ကြီး ပစ်ခတ်သံတစ်ချက်ထပ်ကြားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“မနေ့က လက်နက်ကြီးကတော့ ညနေ ၆ နာရီခွဲလောက်မှ ငြိမ်သက်သွားတယ်။ အခုမနက် ၉ နာရီခွဲကျော်ကျော်လောက်မှာလည်း ဇဟာအမြောက်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး မောင်မယ်ရှောင် ဘက်ကို ထပ်ကျတယ် ” ဟု ၎င်းက ပြောဆိုသည်။

ဟားလီးကွေ့ စစ်ကောင်စီ စခန်းသည် ၂၀၂၄ ခုနှစ်အတွင်း ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ရေဖြူ-ထားဝယ်အပိုင်း၌ ထပ်မံတိုးချဲ့၍ ဘန်ကာများဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းတစ်ခုဖြစ်သည် ။

ယနေ့ နံနက်ပိုင်းတွင်မူ ရေဖြူ-ထားဝယ် ကားလမ်းပိုင်းတွင် ကားများအသွားအလာ ပြန်ရှိနေပြီဖြစ်ကြောင်း ကားလမ်းနံဘေးရှိ ကျေးရွာဒေသခံများနှင့် လမ်းပိုင်းအသုံးပြုသည့် ကားသမားများထံမှ သိရသည်။

ဟားလီကွေ့စစ်ကောင်စီတပ်စခန်းကို ထားဝယ်အခြေစိုက် ဒူရကစစ်ကြောင်း၊ ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းမဟာမိတ်များထံမှ သိရသည်။

ယခုနှစ်ဆန်း ဇန်နဝါရီလတွင်လည်း မြိတ်-ထားဝယ်ကားလမ်းမပေါ်ရှိ ရွှေဂူတံတားစစ်ကောင်စီစစ်ဆေးဂိတ် ကိုလည်း ဒူရကစစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည် ။