မြိတ်မြို့တွင် ဧပြီလ ၂၆ ရက်နေ့၌ ကိုဗစ်ပိုးတွေ့သူ တစ်ဦးထပ်တိုးသဖြင့် ကိုဗစ်ပိုးတွေ့လူနာ သုံးဦးရှိလာပြီ ဖြစ်ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။
ကိုဗစ်ပိုးတွေ့ရှိသူသည် မြိတ်မြို့အဝင် ကျောက်ဖြူတောင်ကျေးရွာနေ အသက်ငါးဆယ်နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
၎င်းသည် ခရီးသွားရန်အတွက် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြိတ်တွင် ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် တစ်သားအရွယ်နှင့် ၁၇ နှစ်အရွယ် ညီအစ်မနှစ်ဦးတို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးဖြစ်သည်။
ယင်းညီအစ်မနှစ်ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဧပြီလ ၂၆ ရက်နေ့က ဆေးရုံဆင်းခွင့်ရပြီး နေအိမ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။
“ကိုဗစ်ပိုးစတွေ့နှစ်ယောက်က အိမ်ပြန်သွားပါပြီ” ဟု အထက်ပါ နာရေးကူညီမှုအသင်းဝင်က ပြောဆိုသည်။
ကျောက်ဖြူတောင်ရွာမှ ပိုးတွေ့သည့် အမျိုးသားသည် ကုတင်တစ်ရာဆံ့ စစ်တပ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်း နာရေးကူညီမှု အသင်းအချို့ထံမှ သိရသည်။
ထို့အပြင် တိုင်းအတွင်းရှိ ကော့သောင်းမြို့တွင် ကိုဗစ်ပိုးတွေ့သူ ကိုးဦး၊ ထားဝယ်မြို့တွင် သုံးဦးရှိနေပြီဖြစ်သည်။