ယခုနှစ်တွင် ရာသီဥတုပူပြင်းမှုကြောင့် နာနတ်သီးဝယ်ယူစားသုံးသူများလာသဖြင့် ဈေးပြန်ကောင်းလာကြောင်း ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာမှ နာနတ်သီးစိုက်တောင်သူအချို့က ပြောသည်။
ပြီးခဲ့သည့်နှစ်များက မိုးမပြတ်သည့်အတွက် နာနတ်သီးဈေးကွက် အရောင်းအေးသဖြင့် ဈေးကောင်းမရခဲ့ဟု တောင်သူအချို့က ပြောသည်။
ပြီးခဲ့သည့်နှစ်က မိုးနှောင်းကောင်းနေသလို မုတ်သုန်မိုးလည်းစောစောရွာသဖြင့် နာနတ်သီးဈေးကွက်ပျက်သည်အထိ ဈေးကျဆင်းခဲ့သည်ဟု ရောင်းမော်ရွာမှ နာနတ်သီးခြံရှင် လူငယ်အမျိုးသမီးက ဆိုသည်။
“မနှစ်က ဒီချိန်ဆို မိုးကြီးနေပြီလေ၊ အဲ့ဒီမှာဈေးကွက်ပျက်ထွက်သွားတယ်။ ပြီးတော့ လူသူအသွားလာလည်း နည်းတယ်ဆို ပြောရမယ်၊ အာဏာသိမ်းပြီးတဲ့နောက် ဈေးတော့ နည်းနည်းကျလာတယ်ဆိုပြောရမယ်၊ နွေရာသီဆို နာနတ်သီးက ဝမ်းအေးတယ်ဆိုတော့ စားသမားပေါတယ်။ မိုးရွာရင် သိပ်ပြီးစားသမားမရှိဘူး” ဟု လူငယ်အမျိုးသမီးက ရှင်းပြသည်။
ပြီးခဲ့သည့်နှစ်က တစ်လုံးကို ၃၀၀ ကျပ်တန်မှာ ယခုနှစ်တွင် ၇၀၀ ခန့်ရပြီး ၁၀၀၀-၁၂၀၀ တန်မှာ ယခုနှစ်တွင် ၁၅၀၀ -၂၀၀၀ ခန့်ရသည်ဟု ရောင်းမော်ကျေးရွာမှ နာနတ်သီးခြံရှင် အမျိုးသားတစ်ဦးက ပြောသည်။
“ငွေဈေးနဲ့ စာရင် ဈေးတက်လာတယ်လို့တောင် ပြောလို့ရမရဘူး၊ ပုံမှန်ပဲဆိုရမယ်၊ ငွေကဖောင်းပွနေတယ်လေ” ဟု ၎င်းက ပြောသည်။
နာနတ်သီးမှာ အကြီး၊ အသေး၊ အလတ်အရွယ်အစားပေါ်မူတည်ပြီး တလုံး ၁၅၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ လက်ကားဈေး အမျိုးမျိုးရှိသည်။
ထားဝယ်ခရိုင် ပြင်ပဈေးကွက်တွင် နာနတ်သီး အငယ်တစ်လုံးကို ၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရောင်းချနေကြသည်။