BREAKING
October 18, 2024

လောင်းလုံး ဥပဒေ အထောက်အကူပြုအဖွဲ့ထံ အမှုကိစ္စ အကူအညီ တောင်းခံသူနည်းသေး

April 27, 2020

နှစ်နှစ်ကျော်ကာလအတွင်း လောင်းလုံးမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ လာရောက်အကူအညီတောင်းခံသည့်အမှု ၁၅ ခု သာရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။


ယင်းအဖွဲ့ရုံးခန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သည်။ လာရောက်တောင်းခံသည့်အမှုများအနက် သုံးခုကို အခမဲ့အမှုလိုက်ပါ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်စိုးက ပြောသည်။


အခမဲ့လိုက်ပါဆောင်ရွက်ပေးခဲ့သည့် အမှုများမှာ လောင်းလုံးမြို့ပေါ်၊ သဗျာနှင့် ကဒက်ငယ်ထိန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့် ခိုးမှု၊ အိမ်ကျော်နင်းမှု၊ မီးပေါ့ဆမှု တို့ဖြစ်ပြီး ကျန် အမှုများကိုမှု ဥပဒေဆိုင်ရာအကြံပေးပြီး သက်ဆိုင်ရာရဲစခန်းထံ ညွှန်းပို့ပေးခဲ့ကြောင်း ဦးဉာဏ်စိုးက ပြောသည်။


“အဲဒီ သုံးမှုစလုံး ကွင်းလုံးကျွတ် လွတ် သွားတယ်”ဟု ၎င်းက ဆိုသည်။
လောင်းလုံးမြို့နယ်ရှိ ဒေသခံအချို့အား မေးမြန်းကြည့်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ယင်းဥပဒေဆိုင်ရာ အထောက်အကူပြုဖွဲ့ ရုံးခန်း ဖွင့်လှစ်ထားသည်ကိုပင် သိရှိသူ နည်းပါးနေကြောင်း တွေ့ရသည်။


မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံ မကြာခဏဝင်ထွက်သွားလာနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ပင် ယင်းအဖွဲ့ထံ မည့်သည့်ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ကူညီ တောင်းခံနိုင်ကြောင်း သေချာစွာမသိရှိကြပေ။


ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံ အမှုအခင်းဖြစ်ပွားသူ မည်သူမဆို ဥပဒေဆိုင်ရာ အကြံဉာဏ်တောင်းယူနိုင်ပြီး ငွေကြေးချို့တဲ့သူ၊ မသန်စွမ်း၊ အမျိုးသမီး၊ ကလေးသူငယ်များ စသည့် စံသတ်မှတ်ချက် ၁၃ ချက် အနက် တစ်ခုခုနှင့် ကိုက်ညီပါက အခမဲ့ ရှေ့နေလိုက်ပေးရန် လျှောက်ထားခွင့်ရှိကြောင်း ဦးဉာဏ်စိုးက ရှင်းပြသည်။


ယင်းအချက် ၁၃ ချက်နှင့် ကိုက်ညီသူများ အခမဲ့ရှေ့နေလိုက်ပေးရန် လျှောက်ထားသူများကို အဖွဲ့ဝင်ငါးဦးပါ အဖွဲ့ကစိစစ်ကာ အခမဲ့ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးရန် သင့်/မသင့်ကို ဆုံးဖြတ်ကြောင်း ၎င်းက ပြောသည်။


ယင်းအဖွဲ့ထံ ဆက်သွယ်အကူ အညီတောင်းလိုပါက ဝ၉၂၅၀၄၆၄၂၂၃၊ ဝ၉၂၅၀၈၈၅၃၀ဝ၊ ဝ၉၂၆၀၄၂၉၇၂၇၊ ဝ၉၇၆၅၀၄၁၅၅၄၊ ဝ၉၄၂၂၁၉၄၉၂၅ တို့ကို ဆက်သွယ်နိုင်ကြောင်း လောင်းလုံးမြို့နယ် ဥပဒေဆိုင်ရ အထောက်အကူပေးရေး အဖွဲ့ထံမှ သိရသည်။

ကျော်သူစိုး