BREAKING
March 30, 2025

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းသို့ ဝင်ရောက်လာသည့် မြန်မာ ၇ သန်းကျော်ရှိပြီဟုဆို

March 27, 2025

စစ်အာဏာသိမ်းပြီးချိန်မှစကာ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၇ သန်းကျော်ပြီဖြစ်ကြောင်း ထိုင်းလွှတ်တော်ကော်မတီဥက္ကဋ္ဌ ရန်စီမန်ရုမ်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

မကြာသေးမီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လွှတ်တော်အဆောက်အအုံအတွင်း နှစ်ရက်တာ ပြုလုပ်ခဲ့သည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာဒုက္ခသည် ၇ သန်းကျော် ထွက်ပြေးဝင်ရောက်လာခဲ့သည်ဟု ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌဖြစ်သူ ရန်စီမန်ရုမ်းက ဆိုသည်။

မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးလိမ်လည်မှု ကဲ့သို့သော ဒုစရိုက်မှုများအပေါ် ထိုင်းနိုင်ငံ၏ စိုးရိမ်မှုများကိုလည်း ၎င်းက မီးမောင်းထိုးပြောဆိုခဲ့သည်။

အဆိုပါ ဒုစရိုက်မှုများက ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက မြန်မာပြည်တွင်းပဋိပက္ခ၏ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုများကိုလည်း တင်ပြဆွေးနွေးခဲ့ကြသည်။

မြန်မာပြည်တွင်းပဋိပက္ခတွင် ထိုင်းတပ်ဖွဲ့များ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ထိုင်းနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်ဟု ၎င်းတို့က မှတ်ချက်ပေးသည်။

ထိုဆွေးနွေးပွဲတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာပြည်သူများကို ဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းခြင်း မပြုလုပ်ရန် CRPH က တင်ပြတောင်းဆိုခဲ့သည်။

မဖြစ်မနေပြန်ပို့ရန် လိုအပ်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် တိုင်းရင်သားအဖွဲ့အစည်းများထံသာ လွှဲပြောင်းပေးပြီး မြန်မာပြည်သူများ၏ အသက် အန္တရာယ် ထိခိုက်မှုကို ကာကွယ်ပေးရန် တင်ပြတောင်းဆိုခဲ့သည်။

မြန်မာ့အရေးကို အစဉ်တစိုက် အားပေးကူညီနေသည့် ထိုင်းနိုင်ငံ၏ လွှတ်တော်အမတ်များဖြင့် သီးခြားတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီနှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) တို့က ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူ့အခွင့် အရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့သည်။