ပုလောမြို့နယ်၊ ရှပ်ပုံရွာက ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင် ဦးသိန်းဇော်အေးကို ယနေ့ မတ်လ ၂၇ ရက်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်သည်။
ဦးသိန်းဇော်အေးကို ပုလောမြို့နယ်ထဲက ရွာလမ်းတစ်ခုတွင် တွေ့ရှိသဖြင့် မြိတ်ခရိုင်တပ်ရင်း (၁) နှင့် မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့၏ ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
၎င်းသည် အာဏာသိမ်းခါစတွင် CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်၍ ငွေတောင်းယူခြင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းနှင့်အတူ လိုက်ပါပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အသက် ၄၈ နှစ်ခန့်အရွယ် ဦးသိန်းဇော်အေးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပုလောမြို့ပေါ်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့သွားပြီး ရှပ်ပုံရွာသို့ ပြန်လာလေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ပုလောမြို့တော်ခန်းမတွင် စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးတပ်ဖွဲ့ဝင်များနှင့်အတူ နေထိုင်ခဲ့ပြီး ကျေးရွာသို့ လာရာတွင်လည်း သေနတ်ကိုင်ဆောင် သွားလာသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။
“ဒီနေ့ မနက် ရှပ်ပုံကိုဆင်းလာတာမှာ လမ်းမှာ ပစ်သတ်ခံရတယ်လို့ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဦးသိန်းဇော်အေးသည် စစ်ကောင်စီ တပ်နှင့် ပူးပေါင်းပြီး လက်နက်ကိုင်ဆောင်ထားသည့် ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ရှပ်ပုံကျေးရွာအုပ်စု မီးလောင်အော်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။