BREAKING
March 30, 2025

ကင်းစောင့်ကျသည့် စစ်‌ကောင်စီတပ်သားနှစ်ဦး မြစ်အတွင်းခုန်ချထွက်ပြေး၊ တစ်ဦးရေနစ်သေဆုံး

March 27, 2025

တနင်္သာရီမြိုနယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦး ရေကူးထွက်ပြေးရာ တစ်ဦးရေနစ် သေဆုံးပြီး တစ်ဦးကလွတ်မြောက်သွားကြောင်း ဒေသခံများအပါအဝင် တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူ အချို့ထံမှ သိရသည်။

မတ် ၂၄ ရက် ည ၁၀ နာရီခန့်တွင် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်က စစ်‌ကောင်စီတပ်သားနှစ်ဦးသည် ကင်းအလှည့်ကျချိန် တနင်္သာရီမြစ်အတွင်းသို့ ခုန်ချပြီး ရေကူးထွက်ပြေးကြကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

ရေကူးသွားပြီး မြစ်လယ်သို့ရောက်ချိန် ဆက်မကူးနိုင်တော့သည့် အသက် ၂၂ နှစ် အရွယ်ကော့သောင်းဇာတိ တပ်သားမှာ ရေနစ်သွားပြီး မတ်လ၂၆ ရက်နေ့အထိ အလောင်းပြန်မတွေ့သေးကြောင်း ၎င်းက ပြောသည်။

၎င်းနှင့်အတူ ထွက်ပြေးလာသည့် အသက် ၂၇ နှစ် အရွယ် ပလရွာသားမှာ လွတ်မြောက်သွားကာ တော်လှန်ရေးတပ်များထံ ရောက်ရှိသွားပြီး လုံခြုံသည့်နေရာသို့ ကူညီပို့ဆောင်ထားပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

”မြစ်ကတော်တော်လေး ကျယ်တယ်။ ကျွန်တော်တို့တောင် မနည်းကူးကြရတာ။ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို ထွက်ပြေးသူတွေက ကြောက်စိတ်နဲ့လည်း ကူးနေရတော့ ပိုဆိုးတာပေါ့’‘ဟု အသက်၂၀အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထွက်ပြေးသည့် စစ်ကောင်စီတပ်သားသူနှစ်ဦးက ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းသို့ ပြန်လွှဲခံရပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မည်သည့် စစ်မှုထမ်းအပတ်စဉ်ကို တက်ရောက်ခဲ့သည်ကိုမူ မသိရသေးသလို ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းတပ်သားနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မသိရသေးပေ။

“အဲညကလည်း ခမရ ၅၅၇ တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်သေးတယ်။ သေနတ်ငယ်တွေလည်း ထဖောက်ကြတယ်။ တိုက်ပွဲမဖြစ်ဘဲ ရမ်းသမ်းထပစ်တာဆိုတော့ တစ်ခုခုထူးနေပြီလို့ ထင်လိုက်တယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၂၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ကမ္မလိုင်ရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦးသည် မွန်ပြည်နယ် ရှေ့တန်းတစ်နေရာမှ လက်နက်နှင့်အတူ ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံခဲ့သည်။

ခြေမြန်တပ်ရင်း ၅၅၇ နှင့် ၅၅၈ တပ်ရင်းတို့မှာ စစ်ကောင်စီ၏ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံတပ်ရင်းများဖြစ်ကြသည်။