ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာကုန်စုံဆိုင်ထဲ ဓားပြဝင်တိုက်သည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ဖူးခက်မြို့ ထန်လန်ဒေသက မြန်မာအမျိုးသမီး၏ ဆိုင်ထဲသို့ အမည်မသိသူ ၄ ဦး ဝင်လာပြီး ဘတ် ၄၇၀,၀၀၀ ကျော်တန်ဖိုးရှိ ရွှေနှင့်ငွေများကို ဓါးပြတိုက်ယူဆောင်သွားကြောင်း သတင်းတွင် ပါရှိသည်။
ဓားပြတိုက်သူများသည် ဓါးနှစ်ချောင်းကိုင်၍ ဆိုင်ကယ်စီးလာပြီး ဆိုင်ကယ်ဦးထုပ် အပြည့်ဆောင်းထားသည်ကို CCTV မှတ်တမ်းများအရ တွေ့ရသည်။
ထန်လန်ရဲစခန်းက တိုင်ချက်ရရှိပြီးနောက် CCTV မှတ်တမ်းများကတစ်ဆင့် စုံစမ်းစစ်ဆေးခဲ့ပြီး ဓါးပြတိုက်ရာတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၄ ဦးကို တရားရုံးတွင် ဝရမ်းထုတ်ယူခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
၎င်းတို့အနက် မတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဓါးပြတိုက် လုယက်မှုတွင် ပါဝင်ပက်သက်သည်ဆိုသော မောင်ဟိန်းမင်းထိုက်နှင့် မောင်ဇင်ကိုတို့နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသော ၎င်းတို့နှစ်ဦးကို ထန်လန်ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆိုင်ထဲ ဓားပြတိုက်မည်ကို ကြိုတင်မသိဘဲ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း၊ ဓါးပြတိုက် လုယက်ခဲ့ပြီးနောက် အချင်းချင်း ဝေစုခွဲခဲ့ကြပြီး အားလုံးလမ်းခွဲ၍ ထွက်ပြေးခဲ့ကြကြောင်း ဖမ်းဆီးခံရသူများကဆိုသည်ဟု ထိုင်းသတင်းတွင်ပါရှိသည်။
လက်ရှိတွင် ထွက်ပြေးသွားသူနှစ်ဦးကို ဝရမ်းထုတ်ပြီး ဖမ်းဆီးနိုင်ရေး ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Ref: MGR Online, Phuket News, Thairath