တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွာအပြင်ဘက်သို့ ခြေလျင် စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ရမ်းဖိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၂၆ရက် နံနက် ၈နာရီဝန်းကျင်တွင် ပြည်ထောင်စု လမ်းမကြီးအတိုင်း ခြေလျင်လာစဥ် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ရမ်းဖိုရွာရှိ ဆီအုန်းကုန်းတွင် ဗိုလ်ခရင်းတပ်ဖွဲ့ ၊ တောကြီးမြွေဟောက်တပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့ နှင့် ပကဖဇုန် (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိတ်ပကဖက ထုတ်ပြန်သည်။
အပြန်အလှန် ပစ်ခတ်မှု တစ်နာရီခန့်ကြာပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးကာ ဒဏ်ရာရသူလည်း ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်ကမူ ထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

”သူတို့က ရမ်းဖိုရွာထဲကနေ လမ်းအတိုင်းတက်လာတာ အင်အားက ၈၀ ဝန်းကျင်ရှိတယ်။ တိုက်ပွဲဖြစ်နေတုန်း ၅၅၆ ဇဝဲတပ်က လက်နက်ကြီးအကူပစ်တယ်” ဟု တိုက်ပွဲအတွင်းပါဝင်သည့် အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားသုံးဦး လမ်းမကြီးပေါ် လဲကျကျန်ခဲ့သည်ကို တွေ့ရပြီး ညနေပိုင်းတွင် ပြန်လာသယ်သွားကြောင်း တိုက်ပွဲအတွင်းပါဝင်တိုက်ခိုက်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောဆိုသည်။
”တိုက်ပွဲဖြစ်ပွားပြီး သူတို့က ကားလမ်းကနေ တောထဲဘက်ကို ၀င်သွားတယ်။ စစ်ကြောင်းကတော့ ဆက်မတက်သွားဘူး။ ရမ်းဖိုမှာပဲ ရှိနေသေးတယ်” ဟု ၎င်းက ပြောသည်။
မတ်လ ၂၄ ရက် နေ့လယ်ကလည်း ရမ်းဖိုရွာနှင့် မနီးမဝေးရှိ ခလရ ၅၅၇ တပ်တွင် စစ်ကောင်စီ တပ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း တော်လှန်တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ရမ်းဖိုကျေးရွာသည် ပုလော-တနင်္သာရီ ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိသည်။