ဥရောပနိုင်ငံများမှ ပြည်သူများအနေဖြင့် အနည်းဆုံး ၇၂ နာရီစာအတွက် လိုအပ်သည့် အစားအစာ၊ ရေနှင့် အခြားမရှိမဖြစ်ပစ္စည်းများကို စုဆောင်းထားရှိရန် ဥရောပသမဂ္ဂ(EU) က ဗုဒ္ဓဟူးနေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။
စစ်ပွဲ ၊ ဆိုက်ဘာတိုက်ခိုက်မှု ၊ ရာသီဥတုဖောက်ပြန်မှုနှင့် ရောဂါများကြောင့် အကျပ်အတည်းဆိုက်မည့် အလားအလာကြီးထွားလာချိန်တွင် လူဦးရေ သန်း ၄၅၀ ရှိသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားများကို ယင်းသို့သတိပေးလိုက်ခြင်းဖြစ်သည်။
“ဥရောပ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေဟာ အရင်တုန်းကထက် အများကြီး ပိုရှုပ်ထွေးလာပါတယ်။ ဒီခြိမ်းခြောက်မှုတွေအကုန်လုံးကလည်း အပြန်အလှန်ဆက်စပ်နေပါတယ်”ဟု ဥရောပသမဂ္ဂ၏ အကျပ်အတည်းပြင်ဆင်မှုနှင့် စီမံခန့်ခွဲရေးကော်မရှင်အကြီးအကဲ Hadja Lahbib က ဆိုသည်။
ဥရောပတိုက်လုံခြုံရေးအတွက် ဥရောပတိုက်က ပိုတာဝန်ယူရမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးလာမှုနှင့်အတူ ဥရောပသမဂ္ဂအဖွဲ့က ၎င်းတို့၏ လုံခြုံရေးအတွက် ပြန်လည်စဉ်းစားသုံးသပ်လာရချိန်တွင် ယင်းသတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
စာမျက်နှာ ၁၈ မျက်နှာပါ အဆိုပါ လမ်းညွှန်ချက်တွင် ဥရောပသည် အကျပ်အတည်းအတွက် ခံနိုင်ရည်ရှိရန်နှင့် အသင့်ဖြစ်နေစေရန် အတွေးအခေါ်ပြောင်းလဲဖို့ လိုအပ်သည်ဟု ဖော်ပြထားသည်။
မကြာသေးခင်နှစ်အနည်းငယ်အတွင်း ဥရောပသမဂ္ဂ (EU) သည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုရှား၏ ခြိမ်းခြောက်မှုများနှင့် တွေ့ကြုံခံစားခဲ့ရသည်။ ဥရောပသည် ရုရှား၏ သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရသည်။ ယင်းအပေါ် ရုရှားက အမြတ်ထုတ်အသုံးချ၍ ယူကရိန်းအပေါ် ဥရောပ၏ အားပေးထောက်ပံ့မှု အားနည်းသွားစေရန် ရုရှားဘက်က ကြိုးစားလျက်ရှိသည်။
၂၀၃၀ ခုနှစ်တွင် ရုရှားက ဥရောပတိုက်ကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်နိုင်ကြောင်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte ကလည်း သတိပေးထားသည်။

ဥရောပသမဂ္ဂ၏ အကျပ်အတည်းပြင်ဆင်မှုနှင့် စီမံခန့်ခွဲရေးကော်မရှင်က အထိတ်တလန့်ဖြစ်အောင် လှုံ့ဆော်နေသည်ဟု မရှုမြင်စေလိုကြောင်း Lahbib က ဆိုသည်။
သို့သော်လည်း အကျပ်အတည်းကာလအတွင်း ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် စားနပ်ရိက္ခာနှင့် ပစ္စည်းပစ္စယများကို အနည်းဆုံး ၇၂ နာရီကြာ လုံလောက်အောင် ပြင်ဆင်ထားရန် အရေးကြီးကြောင်း သူမက ဆိုသည်။ အစားအစာ ၊ ရေ ၊ ဓာတ်မီး ၊ အရေးကြီးစာရွက်စာတမ်း ၊ ဆေးဝါးနှင့် လှိုင်းတိုရေဒီယိုများကို စုဆောင်းထားရမည့် အရာများအဖြစ် သူမက တိုက်တွန်းသည်။
ဥရောပသမဂ္ဂအနေဖြင့် အရေးကြီးအရင်းအမြစ်များကို မဟာဗျူဟာကျကျ သိုလှောင်ထားသင့်သည်ဟုလည်း သူမက ဆိုသည်။ ယင်းတို့တွင် မီးသတ်လေယာဉ် ၊ ဆေးဝါး ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးစက်ယန္တရားများ ၊ ဓာတု ၊ ဇီဝ ၊ ရေဒီယိုဓာတ်ရောင်ခြည်နှင့် အဏုမြူခြိမ်းခြောက်မှုများမှ ကာကွယ်နိုင်မည့် အထူးကိရိယာများ ပါဝင်သည်ဟု သူမက ဆိုသည်။
ပြင်သစ် ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့တွင်လည်း ဥရောပသမဂ္ဂနှင့် အလားတူ အရေးပေါ်အစီအမံများ ထုတ်ပြန်ထားပြီး ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဆွီဒင်တွင် စစ်အေးခေတ်က အသုံးပြုခဲ့သည့် နိုင်ငံသားများအတွက် အရေးပေါ်အခြေအနေ သတိပေးချက်များကို မွမ်းမံထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးချက်တွင် အဏုမြူတိုက်ခိုက်မှုနှင့် ကြုံတွေ့ရလျှင် မည်သို့ ဆောင်ရွက်ရမည်တို့ ပါဝင်သည်။
Source: Associated Press, CNN