BREAKING
March 30, 2025

စစ်ကောင်စီတပ် လေယာဉ်များ နေ့တိုင်းနီးပါး ပျံဝဲနေသဖြင့် ဘုတ်ပြင်းဒေသခံများစိုးရိမ်

March 27, 2025

ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ် လေယာဉ်များ မကြာခဏလာရောက် ပျံဝဲနေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မတ်လ ၁၀ ရက် နောက်ပိုင်းကစပြီး စစ်ကောင်စီတပ် ရဟတ်ယာဉ်နှင့် လေယာဉ်များသည် တစ်ရက်ခြား သို့မဟုတ် နှစ်ရက်ခြား လာရောက်ပျံဝဲလေ့ရှိသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေရကြောင်း မနိုးရိုးကျေး ရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။

လာရောက်ပျံဝဲသည့်ရက်တွင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပျံဝဲကြောင်း ဒေသခံအချို့က ဆိုသည်။

“လေယာဉ်တွေ ခဏခဏ ကောင်းကင်မှာလာဝဲနေတာပဲ စိတ်ပူတယ်။ တောထဲ တောင်ထဲလည်း မသွားရဲဘူး။ ဘယ်နေ့ ကိုယ့်ရပ်ရွာကို စွန့်ခွာပြီး ပြေးရမလဲမသိဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

မတ်လ ၁၀ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မနိုးရုံးကျေးရွာအုပ်စုရှိ ခဲချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချတိုက်ခိုက်သဖြင့် ကလေးတစ်ဦးနှင့် ကလေး၏ ဖခင်တို့ ဒဏ်ရာရခဲ့သည်။

မနိုးရုံး‌ကျေးရွာအုပ်စုသည် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် မကြာခဏဗုံးကြဲတိုက်ခိုက်နေသည့် ချောင်းလမုကျေးရွာနှင့် ၂၂ ခန့်မိုင်သာ ကွာဝေးသည်။

“အခုချိန်က ခရူစေ့ (သီဟိုဠ်စေ့) ကောက်တဲ့အချိန်ဆိုတော့ အရဲစွန့်ပြီးကောက်နေရတယ်။ စားဖို့လည်း လိုသေးတယ်။ ပြေးရင်လည်း ငွေက လက်ထဲရှိနေဖို့လိုတယ်။ တခြား‌ရွာတွေအခြေအနေကြားရင် ကိုယ်ရွာတွေဘက်ကိုလည်း ဘယ်အခါ ရောက်လာမယ် မသိဆိုပြီး တွေးပြီးပူပန်နေရတယ်” ဟု ဘုတ်ပြင်းမြို့နယ်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လူနေကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း ဘုတ်ပြင်းမြို့နယ် အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။