BREAKING
March 30, 2025

ထားဝယ်တွင် ဧည့်စာရင်းဝင်စစ်ပြီး အဘိုးအဘွား ဇနီးမောင်နှံဖမ်းဆီးခံရ၊ အဘိုးပြန်မလွတ်သေး

March 27, 2025

ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင် မတ်လ ၂၆ ရက် နံနက် ၁ နာရီဝန်းကျင်က ဧည့်စာရင်း ဝင်စစ်ပြီး အသက် ၇၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

ဖမ်းဆီးခံရသည့်ရက်တွင် အမျိုးသမီးဖြစ်သူ ဒေါ်မယ်အေး ပြန်လည်လွတ်မြောက်လာပြီး ခင်ပွန်းဖြစ်သူ ဦးသန်းထွန်း သည် ယနေ့ မတ်လ ၂၇ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဆွေမျိုးနီးစပ်သူနှင့် ရပ်ကွက်နေသူများက ပြောသည်။

အဆိုပါဇနီးမောင်နှံသည် ထားဝယ်မြို့နယ်၊ အညာဖျားရွာဘက်က ဒေသခံများဖြစ်ပြီး ထားဝယ်မြို့ပေါ်သို့ ပြီးခဲ့သည့် တစ်နှစ်ခန့်ကတည်းက ရွှေ့ပြောင်းလာခဲ့ကာ မြေးလေးဦးနှင့်အတူနေထိုင်ကြောင်း အိမ်နီးချင်းတစ်ဦးက ပြောဆိုသည်။

အဖမ်းခံရသည့် အကြောင်းအရင်းကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျောက်မော်ကြီးရပ်ကွက်တွင် ဧည့်စာရင်း ဝင်စစ်လေ့ရှိသော်လည်း ယခင်က ဖမ်းဆီးခံရခြင်းမရှိဘဲ ဒဏ်ငွေဆောင်ရခြင်းမျိုးသာ ကြုံရလေ့ရှိကြောင်း ယင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည် ။

“ဧည့်စာရင်းက တစ်လ နှစ်ခါလောက်လာတယ်။ ရွာထဲကိုတော့ ကင်းလာပတ်တာက နေ့တိုင်းပဲ။ ည ၁နာရီလောက်ဆို စစ်ကားဝင်လာလို့ ခွေးဟောင်သံတွေ ပုံမှန်ကြားရတယ်။ ဝင်စစ်ရင် ဧည့်စာရင်းမတိုင်တာ သက်တမ်းလွန်နေတာမျိုး တွေ့တာနဲ့ မှတ်ပုံတင်သိမ်းတယ်။ မနက်ကျရင် ရပ်ကွက်ရုံးမှာ တစ်သောင်း (ကျပ်) နဲ့ ပြန်သွားထုတ်ရတယ်။ လူဖမ်းသွားတာတော့ အရင်ကမရှိဖူးဘူး” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့ အဝင်အထွက် ဂိတ်များဖြစ်သည့် ကမြောကင်းတံတားဂိတ်၊ ပေါက်တိုင်းတံတားဂိတ်၊ ဗျောတောဝဂိတ်များနှင့် နီးစပ်သည့် ကြက်စားပြင်၊ ဘုမ္မော်၊ မြို့သစ်၊ ဆန်းချီ၊ ကျောက်မော်ကြီး၊ ဗျောတောဝ စသည့် ရပ်ကွက်များတွင် စစ်ကောင်စီတပ်သားများ ဦးဆောင်၍ ဧည့်စာရင်း ဝင်စစ်ဆေးလေ့ရှိကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။