ကိုဗစ်ကုစားရေးချေးငွေ ချေးခွင့်ရရှိသည့် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်း ၈၈၂ ခု စာရင်းကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက သဘင်နှင့် ဆိုင်းဝိုင်းလုပ်ငန်းအဖွဲ့ ကိုးဖွဲ့ ငွေချေးခွင့်ရရှိသည်။
မတ် ၂၃ ရက် ရက်စွဲဖြင့် ယနေ့ (မတ် ၂၇) ထုတ်ပြန်ထားသော အဆိုပါထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းရှိ သဘင်လုပ်ငန်း ၅ ဖွဲ့နှင့် ဆိုင်းလုပ်ငန်း ၄ ဖွဲ့က ချေးငွေ ချေးခွင့်ရရှိခြင်းဖြစ်သည်။
ထားဝယ်မြို့အခြေအစိုက် သဘင်အဖွဲ့ နှစ်ဖွဲ့၊ ရေဖြူမြို့အခြေစိုက်သဘင်အဖွဲ့ တစ်ဖွဲ့၊ မြိတ်မြို့အခြေစိုက် သဘင်အဖွဲ့ တစ်ဖွဲ့နှင့် ဆိုင်းအဖွဲ့လေးအဖွဲ့တို့ ငွေချေးခွင့်ရရှိသည်။
ယင်းချေးငွေအတွက် တစ်ဖွဲ့လျှင် ကျပ်သိန်း ၃၀၀ နှုန်း ချေးခွင့်ပေးရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ချေးငွေချေးခွင့်ရ သဘင်အဖွဲ့ ပိုင်ရှင်တစ်ဦးက ပြောသည်။
“သတင်းစာထဲမှာတော့ ငွေချေးခွင့်ရတယ်ဆိုပြီး ပါလာပြီ။ ဒါပေမယ့် ဘယ်လောက်ရမယ်ဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ကိုဗစ်နှင့် အာဏာသိမ်းကာလအတွင်း လူစုလူဝေးပြုလုပ်ခွင့်၊ ညမထွက်ရအမိန့် စသည့်ကန့်သတ်ချက် တို့ကြောင့် သဘင်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။
အချို့လုပ်ငန်းရှင်များမှာ ပွင့်လင်းရာသီအတွက် သဘင်ပစ္စည်းများ ဝယ်ယူထားသော်လည်း ပွဲများ မလုပ်ရသဖြင့် ရင်နှီးငွေများ မြှုပ်နေသဖြင့် အခက်အခဲတို့နှင့် ရင်ဆိုင်ခဲ့ရကြောင်း သဘင်လုပ်ငန်းရှင်အချို့က ပြောသည်။
သဘင်ကိုမှီခိုနေရသည့် အနုပညာရှင်များမှာလည်း စားဝတ်နေရေး ကျပ်တည်းခဲ့ကြပြီး မကျွမ်းကျင်သည့် အခြားစီးပွားရေးနယ်ထဲရောက်ရှိကာ ငွေကြေးဆုံးရှုံးခဲ့ရကြောင်း ၎င်းတို့က ပြောကြားသည်။
ယခုချေးခွင့်ရသည့် ကိုဗစ်ကုစားရေးချေးငွေမှာ တစ်နှစ်လျှင်အတိုး ၁ ရာခိုင်းနူန်းပေးဆောင်ရမည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။