BREAKING
February 27, 2025

မောရဝတီရေတပ်ကဝင်ဖမ်း၍ ရပ်ထားသည့် ခဲမိုင်းများ ပြန်လည်ပတ်

February 27, 2025

ပုံစာ - မိကျောင်းအိုင် ချောင်းကမ်းနံဘေး က မိုင်းလုပ်ကွက်များအား လှမ်းမြင်ရပုံ ။ ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် လာရောက်လုပ်ကိုင်နေသည့် ခဲမိုင်းအချို့ကို မောရဝတီရေတပ်က ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့၍ ရပ်နားထားရပြီး ယခုအခါ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ခဲမိုင်းလုပ်သူများ၏ ပြောပြချက်ကိုကား၍ ဒေသခံများကပြောသည်။

မိကျောင်းအိုင် ချောင်းကမ်းနံဘေး ကင်းဘုရားအနီးမှ မိုင်းလုပ်ကွက်များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများ၏ ဆန်အိတ်များ၊ဆီပုံးများကို သိမ်းသွားကြောင်း ဒေသခံတို့ကဆိုသည်။

“ကင်းဘုရားနားမှာ လုပ်နေတာ တစ်ယောက်စ နှစ်ယောက်စနဲ့ များလာလို့ သတိပေးသလို ဝင်ဖမ်းတာလောက်ပါပဲ။ အလုပ်သမားဆီက ဆန်အိတ်တွေ ၊ ဆီပုံးတွေတော့ သိမ်းသွားတယ်” ဟု ခဲမိုင်းလုပ်သူများ နှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည် ။

မောရဝတီရေတပ် ဝင်ရောက်ဖမ်းဆီး၍ မိုင်းလုပ်ကွက်များ ခေတ္တနားခဲ့ပြီးနောက် ယခုတွင် ပြန်လည် လည်ပတ်လျက်ရှိကြောင်း မိုင်းလုပ်ကွက်များ အနီးနေထိုင်သူများထံကသိရသည်။

” ပြန်လုပ်နေကြတယ်။ မိကျောင်းအိုင်ချောင်းတစ်လျှောက်ရော၊ ရေကြည်အိုင်ချောင်းနားမှာရော ဆက်လုပ်နေသေးတယ်။ စက်သံတွေကြားနေရသေးတယ်” ဟု မိုင်းလုပ်ကွက်တစ်ခုအနီး နေထိုင်သည့် ဒေသခံများထံကသိရသည် ။

ပြီးခဲ့သည့်နှစ် ဇွန်လခန့်ကစ၍ ကံပေါက်ရွာ လူနေရပ်ကွက်များအနီးသို့ ခဲမိုင်းများရောက်လာခဲ့ပြီး ယခုတွင် လုပ်ကွက်များပိုများလာကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းလုပ်ကွက်အသစ်များအပြင် စစ်ကောင်စီထံက လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရရှိထားသည့် မြေဧက ၂ဝ၈၇ ဧက ပေါ်တွင်ဆောင်ရွက်နေသော ဒယ်ကိုကုမ္ပဏီ ၏ သတ္တုမိုင်း အကြီးစားလုပ်ကွက်လည်း ကံပေါက်ရွာတွင် ဆက်လက်လုပ်ကိုင်လျက်ရှိသည် ။