ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လန်စွမ်းဒေသတွင် မြန်မာအလုပ်သမားများ၏ ကလေးငယ်များကို ပညာသင်ပေးနေသော ထားဝယ်ဒေသခံ ဆရာမတစ်ဦး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးခံရကြောင်း နီးစပ်သူများထံမှ သိရသည်။
ဆရာမက ကလေးငယ်များကို စာသင်ပေးနေစဉ် ထိုင်းလဝကအဖွဲ့က လာရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ခွင့်ပြုချက်မရှိဘဲ စာသင်ကြားသည့်အတွက် ဖမ်းခြင်းဖြစ်သည်ဟုထင်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ကျွန်မတို့ တန်းရန်း (အဆောင်တွဲ) ကပဲ ဆရာမက။ စာသင်နေတုန်း လာဖမ်းပြီး တစ်ခါတည်း ခေါ်ဆောင်သွားတာ။ ဘယ်လို လိုက်ထုတ်ထုတ် မထုတ်ပေးလို့ တော်တော် အခက်အခဲဖြစ်နေတယ်” ဟု နီးစပ်သူက ဆိုသည်။
ဆရာမသည် ထိုင်းတွင် နေထိုင်သည်မှာ နှစ်ရှည်ကြာပြီဖြစ်ပြီး နေထိုင်ခွင့် စာရွက်စာတမ်း အပြည့်အစုံရှိသော်လည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ဖမ်းဆီးခံရသူသည် ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသခံတစ်ဦးဖြစ်ပြီး မြိတ်ဒေသတွင်လည်း နေထိုင်သူတစ်ဦးဖြစ်ကြောင်း ၎င်းကဆိုသည်။
အဖမ်းမခံရခင်က အနီးအနားရှိ မြန်မာအလုပ်သမားများ၏ ကလေးငယ် ၂၀ ခန့်ကို စုပေါင်း၍ ပညာသင်ကြားပေးနေသူဖြစ်သည်။
လက်ရှိတွင် ဆရာမကို ချွန်ဖော်ခရိုင်အတွင်းရှိ ရဲစခန်းတစ်ခုတွင် ဖမ်းဆီးထားဆဲဖြစ်ကြောင်း နီးစပ်သူထံမှ သိရသည်။