တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေသည်ဟု စစ်ရေးသတင်းအရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၂၆ ရက်(မနေ့က) တစ်ရက်တည်းမှာပင် Mi 2 ရဟတ်ယာဉ်၊ K8W ဂျက်ဖိုက်တာဖြင့် ဗုံးအလုံးရေ သုံးဆယ်ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့ကပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှစကာ ယနေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပေါ်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌပဒိုစောညာဝါးက ပြောသည်။
“၁၈ ရက်နေ့ကနေ အခုထိကို တိုက်ပွဲမဖြစ်တဲ့နေ့က ရှားရှားပါးပါးပါဘဲ၊ နေ့တိုင်းနီးနီးဖြစ်တယ်၊ အစပထမပိုင်းမှာ လေယာဉ်တွေသိပ်မသုံးဘူး၊ အစပိုင်းမှာ (ဗုံး) သိပ်မချပေမဲ့ နောက်ပိုင်းမှာ ပိုပြီးတော့သုံးလာကြတယ်” ဟု ပဒိုစောညာဝါးက ဆိုသည်။
ဖေဖော်ဝါရီလ ၂၄၊ ၂၅၊ ၂၆ ရက်များတွင် Mi 2 ရဟတ်ယာဉ်နှင့် K8W တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းက ပြောသည်။
ထုံခါ-မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို KNLA၊ KTLA နှင့် PDF ပူးပေါင်းတပ်များ စိုးမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီက ပြန်လည်စိုးမိုးထိန်းချုပ်လိုသဖြင့် ကြည်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
ထုံမခါရွာဘက်က စစ်ကောင်စီတပ်များ ညောင်ပင်ကွင်းရွာရှိ ခလရ ၅၆၁ တပ်ရင်းဘက်ကို ထိုးဖောက်ဝင်ရောက်လာသဖြင့် ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ညောင်ပင်ကွင်းရွာဘက်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင် သိန်ခွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၆ လုံးခန့်ထိခိုက်ပျက်စီးပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ညောင်ပင်ကွင်းရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ် ၂၅ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှာ သိန်ခွန်းရွာနှင့် ညောင်ပင်ကုန်းရွာဘက်တွင် ဆက်လက်ရှိနေပြီး မောတောင်လမ်းပိုင်းဘက်ကို စစ်ကြောင်းထိုးနိုင်ခြင်းမရှိဖြစ်နေသည်ဟု ပဒိုစောညာဝါးက ပြောသည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထုံခါ၊သိန်ခွန်း၊ ကွမ်းသီးတော၊ ကော့ယွန်း၊ ချောင်းနှစ်ပေါက်၊ သဲဖြူစသည့် ကျေးရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး၊ ကျန်းမာရေး အကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံမှသိရသည်။