BREAKING
February 27, 2025

အမေရိကန် - ဥရောပ လမ်းခွဲပြီလား

February 27, 2025

၁၉၄၉ ခုနှစ်ရဲ့ နွေဦးရာသီမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပဒီမိုကရေစီတိုင်းပြည် ၇ ခုက နိုင်ငံ့ခေါင်းဆောင်တွေ အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်ဒီစီမြို့တော်က ခန်းမကြီးတစ်ခုထဲမှာ စုဝေးခဲ့ကြပါတယ်။

ဒါဟာ ကမ္ဘာ့သမိုင်းမှာ အအောင်မြင်ဆုံး စစ်ရေးမဟာမိတ်လို့ ဆိုနိုင်တဲ့ စုဖွဲ့မှုတစ်ခုရဲ့ အစပါပဲ။ “နေတိုးအဖွဲ့” လို့ လူအများ သိလာကြမယ့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO) ဟာ အဲဒီတွေ့ဆုံမှုကနေ ပေါ်ပေါက်လာခဲ့တာပါ။

မြောက်အတ္တလန္တိတ်စာချုပ်ရဲ့ နာမည်ကျော် ပုဒ်မ ၅ မှာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုကို ပြင်ပနိုင်ငံတစ်ခုက တိုက်ခိုက်တာဟာ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်ခိုက်တာလို့ မှတ်ယူတယ်ဆိုတဲ့ အချက်ပါပဲ။

နေတိုးအဖွဲ့ စတင်တည်ထောင်ခဲ့ချိန်ကစပြီး အမေရိကန်ဟာ ဥရောပလုံခြုံရေးအတွက် အဓိကကာကွယ်ပေးသူအဖြစ် ရပ်တည်လာခဲ့ပါတယ်။ ယခင်က ဆိုဗီယက်ပြည်ထောင်စုနဲ့ ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ ရပ်တည်ပေးခဲ့ရာကနေ နောက်ပိုင်းမှာတော့ ရုရှားရဲ့ ရန်ကနေ ကာကွယ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။

အရိုးရှင်းဆုံးပြောရရင်တော့ ဥရောပရဲ့ လုံခြုံရေးဟာ အမေရိကန်ရဲ့ လုံခြုံရေးဖြစ်တယ်ဆိုတာဟာ နေတိုးအဖွဲ့ကို စုစည်းပေးထားတဲ့ အခြေခံမူပဲ ဖြစ်ပါတယ်။

ဒီအခြေခံမူဟာ အသက်ငင်နေပြီလား။ အတ္တလန္တိတ်သမုဒ္ဒရာကမ်းနှစ်ဘက်က ဥရောပနဲ့ အမေရိကန်ဟာ ခွာပြဲနေပြီလား။

ထရမ့် ဒုတိယအကြိမ် အမေရိကန်သမ္မတဖြစ်လာပြီး တစ်လဝန်းကျင်မှာပဲ လက်ရှိကမ္ဘာ့အခြေအနေကနေ ဒီမေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

မြူးနစ်ညီလာခံက ကြိမ်းမောင်းသံ

ထရမ့် ဒုတိယအကြိမ် အမေရိကန်သမ္မတပြန်ဖြစ်လာချိန်ကစပြီး နေတိုးအဖွဲ့ရဲ့ အနာဂတ်နဲ့ ယူကရိန်းစစ်ရဲ့ ရလဒ်အပေါ် ဥရောပနိုင်ငံတွေအကြား စိုးရိမ်မှုတွေ ပြန်မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်နဲ့ ဥရောပအကြား ဆက်ဆံရေးအက်ကွဲကြောင်းကို အခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြူးနစ်လုံခြုံရေးညီလာခံမှာ ထင်ထင်ရှားရှား တွေ့လိုက်ရပါတယ်။

အဲဒီညီလာခံမှာ အမေရိကန်ဒုသမ္မတဂျေဒီဗန်းစ်က မိန့်ခွန်းပြောခဲ့ရာမှာ ဥရောပနိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်သွားခဲ့ပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ လက်ယာယိမ်းနိုင်ငံရေးအမြင်တွေကို ဖိသတ်ဖို့ ကြိုးစားနေကြတယ်လို့ ဂျေဒီဗန်းစ်က စင်မြင့်ပေါ်ကနေ စွပ်စွဲခဲ့ပါတယ်။

နောက်ထပ်အငြင်းပွားစရာတစ်ခုကတော့ ဂျာမဏီက လက်ယာအစွန်းရောက်အမျိုးသားရေးဝါဒီ AfD ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ အဲလစ်ဗိုင်ဒယ်လ်ကို ဂျေဒီဗန်းစ်က တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။

AfD ပါတီဟာ နာဇီခေတ်က အသုံးအနှုန်းတွေနဲ့ ကြွေးကြော်စည်းရုံးမှုကြောင့် နာမည်ဆိုးထွက်နေတဲ့ ပါတီဖြစ်ပါတယ်။ ဟစ်တလာလက်ထက် နာဇီဂျာမန်တွေရဲ့ လက်ချက်နဲ့ ဂျူးလူမျိုး သန်းနဲ့ချီပြီး အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကို ပေါ့ပေါ့တန်တန် သဘောထားပြီး ဂရုမစိုက်တဲ့ဟန် ပြသမှုကြောင့် အဝေဖန်ခံရတဲ့ ပါတီလည်း ဖြစ်ပါတယ်။ AfD ပါတီနဲ့ လက်တွဲဖို့ကို ဂျာမဏီမှာ ရှိတဲ့ အခြားနိုင်ငံရေးပါတီတွေက ငြင်းဆန်ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာမဏီရွေးကောက်ပွဲအပြီး AfD ပါတီဟာ နိုင်ငံအတွင်း ဒုတိယအင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့ပါတယ်။

ဥရောပစစ်တပ် ထူထောင်ရေး

ဂျာမနီနိုင်ငံ ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာ ယူကရိန်းသမ္မတဇလန်းစကီးက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ အမေရိကန်ဒုသမ္မတဂျေဒီဗန်းစ်ရဲ့ မိန့်ခွန်းကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပလုံခြုံရေးအတွက် ဥရောပစစ်တပ်တစ်တပ် ဖွဲ့စည်းဖို့ကို ဇလန်းစကီးက တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို တန်ပြန်ဖို့ ယူကရိန်းစစ်တပ်မပါဘဲ ဥရောပတပ်ဖွဲ့တွေချည်းသက်သက်နဲ့ မလုံလောက်ဘူးလို့ သူက ပြောပါတယ်။

တစ်ဖက်မှာလည်း ယူကရိန်းစစ်အဆုံးသတ်ရေးအတွက် ဥရောပနဲ့ ယူကရိန်းမပါဘဲ အမေရိကန်က ရုရှားနဲ့ ဆွေးနွေးခဲ့တဲ့အပေါ်မှာလည်း ဥရောပခေါင်းဆောင်တွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဥရောပအခြေစိုက် Bruegel ဆိုတဲ့ think tank အဖွဲ့တစ်ခုရဲ့ မကြာသေးခင်က အစီရင်ခံစာက ဥရောပအနေနဲ့ ကာကွယ်ရေးကိစ္စတွေမှာ အမေရိကန်ကို အပြည့်အဝ အစားထိုးနိုင်ဖို့အတွက် ထပ်ဆောင်းတပ်ဖွဲ့ဝင် အရေအတွက် ၃၀၀,၀၀၀ လိုအပ်မယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ ဥရောပဘက်က ဖြည့်တင်းနိုင်တဲ့ ပမာဏပဲလို့ အဲဒီအဖွဲ့က ကောက်ချက်ချပါတယ်။

အမေရိကန် – ရုရှား သီးသန့်ဆွေးနွေးမှု

အခုနှစ် ချစ်သူများနေ့ မတိုင်ခင် နှစ်ရက်အလိုမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ပူတင်နဲ့ မိနစ် ၉၀ ကြာအောင် ဖုန်းပြောခဲ့ပါတယ်။ ဒါဟာ ယူကရိန်းကို ကျူးကျော်စစ်စတင်ပြီးနောက် အနောက်အုပ်စုက ဖယ်ကျဉ်ထားတဲ့ ပူတင်ကို သုံးနှစ်အကြာမှာ ထရမ့်က ပထမဆုံး လူရာပြန်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းနဲ့ ဥရောပကိုယ်စားလှယ်တွေ မပါဝင်ဘဲ အမေရိကန်နဲ့ ရုရှား နှစ်ဘက်တည်းကပဲ သီးသန့်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ ယူကရိန်းစစ်ငြိမ်းချမ်းရေးအတွက် အခြေခံအချက်တွေကို ချမှတ်ခဲ့ပုံရှိတယ်လို့ အမေရိကန်အခြေစိုက် NPR သတင်းဌာနက ဖော်ပြပါတယ်။ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ယူကရိန်းနဲ့ ဥရောပမပါဝင်ဘဲ ဆွေးနွေးတာကို ယူကရိန်းနဲ့ ဥရောပခေါင်းဆောင်တွေက ဆန့်ကျင်ကြပါတယ်။

ရုရှားကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ယူကရိန်းဟာ စစ်ရေးအထောက်အပံ့အတွက် အမေရိကန်ကိုပဲ အဓိကမှီခိုနေရတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၁၇၅ ဘီလီယံနီးပါး ထောက်ပံ့ပေးထားခဲ့ပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ထရမ့်က သူ့ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ချပြထားပါတယ်။

ယူကရိန်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သမ္မတဇလန်းစကီးဟာ အရေးပါသူတစ်ယောက်လို့ သူမယုံကြည်ဘူးဆိုတဲ့အကြောင်း ထရမ့်က ထုတ်ပြောထားပါတယ်။

ဇလန်းစကီးဟာ ဘာဩဇာအရှိန်အဝါမှ မရှိသူတစ်ယောက်လို့ ထရမ့်က ပြောပါတယ်။ ရွေးကောက်ပွဲမလုပ်ပေးတဲ့ အာဏာရှင်တစ်ယောက်လို့လည်း ဇလန်းစကီးကို ထရမ့်က အပုပ်ချစွပ်စွဲခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်စေလိုတဲ့ ထရမ့်ရဲ့ ဖိအားကြောင့် ယူကရိန်းအနေနဲ့ ရုရှားအပစ်ရပ်မှုကို လက်ခံလိုက်ရတဲ့ အခြေအနေမျိုးရောက်သွားပြီး ရုရှားဘက်က တပ်အင်အားပြန်တည်ဆောက်ဖို့ အခွင့်အရေးရသွားနိုင်တယ်လို့ ဥရောပခေါင်းဆောင်တော်တော််များများက စိုးရိမ်ကြပါတယ်။

ဒါကြောင့် မြူးနစ်လုံခြုံရေးညီလာခံအပြီး ပြင်သစ်နိုင်ငံ ၊ ပါရီမြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဥရောပနိုင်ငံ ၇ ခုက ယူကရိန်းနဲ့ ဥရောပဟာ ဆွေးနွေးပွဲတိုင်းမှာ ပါဝင်ရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ထီးရိပ်အောက်က ကင်းလွတ်ရေး

လောလောလတ်လတ် ရွေးကောက်ပွဲအနိုင်ရထားပြီး ဂျာမဏီအဓိပတိသစ်ဖြစ်လာမယ့် ဖရက်ဒရစ်မာ့ဇ်က ဥရောပအနေနဲ့ အမေရိကန်ကို မှီခိုနေရတဲ့ ဘဝကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ပြင်ဆင်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကို ကူညီဖို့ အမေရိကန်ရဲ့ စိတ်ဆန္ဒအပေါ် သံသယကြီးကြီးမားမား ရှိနေပြီဆိုတာကိုလည်း ဖရက်ဒရစ်မာ့ဇ်က ထုတ်ပြောခဲ့ပါတယ်။နေတိုးမဟာမိတ်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံလာရရင် ထရမ့်က အကူအညီမပေးတော့ဘဲ ဥရောပကို ထိခိုက်လွယ်အနေအထားမှာ ထားရစ်မှာကို သူက စိုးရိမ်ပါတယ်။

“ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် နေတိုးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ် အပြန်အလှန်အကာအကွယ်ပေးရေး သန္နိဋ္ဌာန်ကို ထရမ့်က စွန့်လွှတ်နိုင်တဲ့ ဖြစ်နိုင်ခြေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရမယ်” လို့သူက ဆိုပါတယ်။

ဒါဟာ ဥရောပတိုက်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ တတ်နိုင်သလောက် အားထုတ်သွားရမယ့် အကြောင်းရင်းပဲလို့လည်း ဆိုလိုက်ပါတယ်။

မကြာသေးခင်ကပဲ ဒိန်းမတ်ကလည်း သူ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်လာခဲ့ပါတယ်။ သမ္မတထရမ့်က ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို လိုအပ်ရင် အင်အားသုံးပြီး သိမ်းယူဖို့ ထုတ်ပြောထားပါတယ်။

ကုလညီလာခံ မဲခွဲဆုံးဖြတ်ချက်

ပြီးခဲ့တဲ့ တနင်္လာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ရှုတ်ချဖို့အဆိုကို အမေရိကန်က ကန့်ကွက်မဲပေးခဲ့ပါတယ်။ ရုရှားရဲ့ မဟာမိတ် တရုတ်နိုင်ငံကတောင် ကြားနေမဲပဲ ပေးခဲ့ပေမယ့် အမေရိကန်က ရုရှား ၊ အီရန် ၊ မြောက်ကိုရီးယားတို့နဲ့ အတူရပ်ပြီး ကန့်ကွက်မဲပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်လက်ထက်က သုံးနှစ်နီးပါး ယူကရိန်းကို အစဉ်တစိုက် ထောက်ခံကူညီလာခဲ့ပြီးနောက် ထရမ့် တက်လာချိန်မှာ လုံးဝပြောင်းလဲသွားခဲ့တဲ့ အံ့အားသင့်စရာ မြင်ကွင်း ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ထရမ့်က ယူကရိန်း – ရုရှားစစ်ပွဲကို ယူကရိန်းဘက်က စတင်လိုက်တာလို့ ပြောခဲ့ပါတယ်။ အမေရိကန်က ကန့်ကွက်မဲပေးခဲ့တဲ့ အဲဒီအဆိုကြမ်းမှာ ယူကရိန်းစစ်ကို ရုရှားဘက်က စတင်ခဲ့တာလို့ အသိအမှတ်ပြုထားပါတယ်။

ဥရောပနိုင်ငံတွေက ထောက်ခံတင်သွင်းလာတဲ့ အဲဒီအဆိုကို ထောက်ခံမဲ့ ၉၃ မဲ ၊ ကန့်ကွက်မဲ ၁၈ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါဟာ ထရမ့်လက်ထက် အမေရိကန်နဲ့ ဥရောပအကြား ပိုပိုကြီးထွားလာနေတဲ့ အကွဲအပြဲကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။

မြူးနစ်လုံခြုံရေးညီလာခံကို ဦးဆောင်သူ Christoph Heusgen က ညီလာခံနောက်ဆုံးနေ့မှာ အခုလို ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ဘုံစံတန်ဖိုးတွေဟာ ဘုံစံတန်ဖိုးသိပ်မဆန်တော့ဘူး ဆိုတာကို ကျွန်တော်တို့ စိုးရိမ်တယ်။ ရုရှားက ပိုရဲတင်းလာပြီး အမေရိကန်က သူ့ရဲ့ကာလရှည်မဟာမိတ်တွေကို စွန့်ပစ်ဖို့ အသင့်ဖြစ်နေပုံရတဲ့အချိန်မှာ ဗြိတိန်နဲ့ ဥရောပအနေနဲ့ အဲဒီဘုံစံတန်ဖိုးတွေက ဘာတွေလဲဆိုတာကို ဆုံးဖြတ်ရမယ်။ အဲဒီစံတန်ဖိုးတွေအတွက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေရဲ့လားဆိုတာကိုလည်း ဆုံးဖြတ်ရမယ်။ ဥရောပတိုက်ရဲ့ လုံခြုံရေးက အဲဒီဟာအပေါ် မူတည်နေတယ်”

Ref: NPR, Al Jazeea, BBC, The New Yorker

ဈာန်ဟိန်း