ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အယုံအကြည်မရှိကြောင်း အဆိုတစ်ရပ်ကို အတိုက်အခံပါတီဘက်က ယနေ့ (ဖေဖော်ဝါရီ ၂၇) တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးအကြိမ် တင်သွင်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်သည် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထိထိရောက်ရောက် ဦးဆောင်စီမံနိုင်ခြင်းမရှိသဖြင့်အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီခေါင်းဆောင် Natthaphong Ruengpanyawut က အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
အထူးသဖြင့် ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်က ထိုင်းဝန်ကြီးချုပ်အပေါ် ဩဇာညောင်းပြီး အစိုးရအရေး ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်လာနေသည်ကို အတိုက်အခံဘက်က အဓိကထောက်ပြသည်။
ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်က ဝန်ကြီးချုပ်အပေါ်မှနေ၍ အာဏာရယူပြီး လုပ်ဆောင်နေသည့်အပေါ် ခွင့်ပြုနေသဖြင့် လက်ရှိဝန်ကြီးချုပ်က တာဝန်လုံးဝ ပျက်ကွက်နေခြင်းဖြစ်ကြောင်း အတိုက်အခံဘက်က ပြောသည်။
လွှတ်တော်ထဲတွင် အခြားဝန်ကြီးများကို အဆိုတင်သွင်းရန် ဆွေးနွေးခဲ့သော်လည်း ဝန်ကြီးချုပ် တစ်ဦးတည်းကိုသာ အယုံအကြည်မရှိကြောင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဝန်ကြီးချုပ်သည် ပြည်သူများ၏ ပြဿနာများကို ဖြေရှင်းပေးရန် အရည်အချင်းရော ဗဟုသုတရော ဆန္ဒရောမရှိသဖြင့် နိုင်ငံတော်ကို ဆက်လက်အုပ်ချုပ်ရန် အယုံအကြည်မရှိကြောင်း၊ ၎င်းသည် ဝန်ကြီးချုပ်တာဝန်ကို ကျေပွန်မှုမရှိကြောင်း ပြည်သူ့ပါတီခေါင်းဆောင်က ပြောသည်။
ဝန်ကြီးနေရာများကိုလည်း နိုင်ငံရေးနောက်ခံရှိသူများကိုသာ ခန့်ထားသည့်အပေါ် ရှုတ်ချကြောင်းနှင့် ယင်းဝန်ကြီးများကို ဝန်ကြီးချုပ်က ဦးဆောင်နိုင်မှုမရှိကြောင်း လက်ရှိတွင် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် အာဆီယံနိုင်ငံများထဲ အနိမ့်ဆုံး အဆင့်ရောက်နေကြောင်း ၎င်းကဆိုသည်။
အတိုက်အခံဘက်က တင်သွင်းလာသော အယုံအကြည်မရှိအဆိုကို လွှတ်တော်ဥက္ကဋ္ဌက လက်ခံရယူပြီး ၇ ရက်အတွက် အတည်ပြုပေးမည်ဖြစ်ကာ အကယ်၍ နောက်ထပ် ပြန်လည်ပြင်ဆင်ဆွေးနွေးရန် လိုအပ်ပါက ဆက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။
လွှတ်တော်ဘက်က နောက်ဆုံး အတည်ပြုပြီးပါက အစိုးရအဖွဲ့ထံ ပေးအပ်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။
နောက်ထပ် ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိ ဆွေးနွေးပွဲကို လာမည့် မတ်လ ၂၄ ရက်နေ့တွင် လွှတ်တော်ထဲ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ခန့်အပ်ခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း စေထာထဝီဆင်သည် ဝန်ကြီးချုပ် သက်တမ်း တစ်နှစ်မပြည့်ခင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ရာထူးမှ ရပ်နားခြင်းခံလိုက်ရသည်။
ယင်းနောက်ပိုင်း သက်ဆင်သမီးဖြစ်သူ ဝန်ကြီးချုပ် ပေထုပ်တန် ရှင်နာဝပ် တက်လာပြီးနောက်ပိုင်း ပထမဆုံး အယုံအကြည်မရှိအဆို တင်သွင်းခံရခြင်းဖြစ်သည်။