ထားဝယ်မြို့တွင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများပြားလာသဖြင့် အိမ်ထောင်စု(သန်းခေါင်)စာရင်း လုပ်သူလည်းများပြားလာကာ ပွဲစားခကျပ်သိန်းချီစျေးပေါက်နေကြောင်း မြို့ခံအချို့ကပြောသည်။
ထားဝယ်မြို့ခံများကိုယ်တိုင်ပင် ရပ်ကွက်တစ်ခုမှ အခြားရပ်ကွက်တစ်ခုသို့ ညအိပ်သွားရောက်လျှင် သော်လည်းကောင်း၊ ရပ်ကွက်ပြောင်းရွှေ့ နေထိုင်လျှင်သော်လည်းကောင်း ဧည့်စာရင်းမတိုင်သဖြင့် အဖမ်းခံနေကြရသည်ဟု မြို့ခံအချို့က ပြောသည်။
ယင်းကြောင့် မြို့ခံများမှာ အိမ်ထောင်ခွဲနေပါက အိမ်ထောင်စု သန်းခေါင်စာရင်း အသစ်လုပ်ကိုင်ရသလို၊ ရပ်ကွက်ပြောင်းရွှေ့နေထိုင်ပါကလည်း သန်းခေါင်စာရင်းအသစ် သွားရောက် လျှောက်ထားကြရကြောင်း မြို့ခံအချို့ကပြောသည်။
“အိမ်သစ်ဆောက်ထားတဲ့ရပ်ကွက်ကိုပြောင်းနေတာကို ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းသွားလို့ ရဲစခန်းမှာ(ရဲစခန်းအချုပ်မှာ) တစ်ည၊ နှစ်ည သွားအိပ်ရသူတွေတောင်ရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုရှိနေသည့်အချိန် လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူများက အိမ်ထောင်စုမိတ္တူများပါတောင်းယူ စစ်ဆေးလာနေသည်။
ယင်းသို့သော အခြေအနေတို့ကြောင့် မြို့ခံများမှာ အိမ်ထောင်စုတွင် အချက်အလက်အနည်းငယ် မှားယွင်းနေပါက သွားရောက်ပြင်ဆင် နေကြရသဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေး(လဝက) ရုံးတွင် အိမ်ထောင်စုစာရင်း သွားရောက်လုပ်ဆောင်သူ များနေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ထားဝယ်မြို့နယ်လဝကရုံးမှာ တစ်ပတ်လျှင် တနင်္လာနှင့် အင်္ဂါနှစ်ရက်သာ အိမ်ထောင်စုစာရင်း လုပ်ပေးကြောင်း ဒေသခံများကဆိုသည်။
“တစ်ပတ်မှာနှစ်ရက်ပဲ လျှောက်လွှာတွေကို လက်ခံပေးနိုင်တယ်။ ကျန်တဲ့ရက်တွေက ရုံးအလုပ်တွေ လုပ်စရာရှိသေးလို့ဆိုပြီး လျှောက်လို့မရဘူး” ဟု သန်းခေါင်စာရင်း လျှောက်သူ မြို့ခံတစ်ဦးက ပြောသည်။
ယင်းကြောင့် ပွဲစားများကို အားကိုးနေရပြီး ကိုယ်တိုင် သန်းခေါင်စာရင်းလျှောက်လျှင် ကျပ်တစ်သောင်း၊ နှစ်သောင်းသာကုန်ကျသော်လည်း ပွဲစားဖြင့်လျှောက်ပါက ကျပ်နှစ်သိန်းအထိ ပေါက်ဈေးရှိသည်ဟုဆိုသည်။
“ကိုယ်တိုင်လျှောက်ရင် ပိုက်ဆံတော့ကုန်သက်သာတယ်။ ဒါပေမဲ့ တော်တော်နဲ့ (အိမ်ထောင်စုစာရင်း) စာရွက်ထွက်မလာဘူး။ လက်မှတ်မထိုးပေးဘဲ ဟိုရွှေ့၊ ဒီရွှေ့လုပ်နေတာ” ဟု သန်းခေါင်စာရင်း လျှောက်ထားသူ တစ်ဦးကပြောသည်။
ပွဲစားတစ်ဦးကမူ အိမ်ထောင်စုစာရင်းလျှောက်ရန်အတွက် သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ စသည့် မြိုနယ်အလိုက်ရုံးများ ပါဝင်လာခြင်းကြောင့် ငွေပေးရလည်းများလာသဖြင့် ပွဲစားခလည်း ဈေးကြီးရခြင်းဖြစ်ကြောင်းဆိုသည်။
ထားဝယ်မြို့ပေါ်တွင် အိမ်ထောင်စုစာရင်းမိတ္တူ တောင်းယူစစ်ဆေးနေသည့်ကိစ္စ၊ လဝကရုံးတွင် ပွဲစားများမှတစ်ဆင့် အိမ်ထောင်စုစာရင်းလျှောက်နေရသည့် ကိစ္စများမေးမြန်းနိုင်ရန် တိုင်းလဝကရုံးဖုန်းနှင့် စစ်ကောင်စီခန့် တိုင်းလူမူရေးဝန်ကြီးဖုန်းတို့အား ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။