ထားဝယ်ဒေသတွင် လုံခြုံရေးနှင့် စျေးကွက်အခြေအနေများကြောင့် ယခုနှစ် ဓနိပွင့်ယိုလုပ်သူနည်းပါးကြောင်း ထားဝယ်ဒေသခံများက ပြောသည်။
အာဏာသိမ်းမှု မတိုင်မီက ရှင်ကိုးရှင်ဘုရားဖူးနှင့် ကမ်းခြေခရီးသွားလုပ်ငန်းများကို အမှီပြုပြီး ထားဝယ်ခရိုင် သရက်ချောင်း၊ လောင်းလုံးမြို့နယ်များတွင် ဒေသထွက် ဓနိယိုထိုးလုပ်ငန်းများကို စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ကြကြောင်း ၎င်းတို့က ဆိုသည်။
အာဏာသိမ်းပြီး နောက်ပိုင်းပဋိပက္ခအခြေအနေကြောင့် ဓနိယိုပြုလုပ်သူနည်းလာကြောင်း လောင်းလုံးမြို့နယ်ရှိ ဓနိတောင်သူအမျိုးသားတစ်ဦးက ပြောဆိုသည်။
“ဘယ်အချိန် ပြေးရမှန်းမသိ၊ (ဓနိယို) လုပ်နေတဲ့သူက ဘယ်ရှိတော့မလဲ” ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ပိုင်းခြားထားသည့် ထားဝယ်မြစ်လယ်ကျွန်းများတွင် ဒေသခံ ဓနိတောင်သူများမှာ ဓနိထွက် ပစ္စည်များဖြစ်သည့် ဓနိသကြား၊ ပအုန်းရည်၊ ဓနိဖက်၊ ဓနိပွင့်ယို လုပ်ငန်းများပြုလုပ်လေ့ရှိကြသည်။
အာဏသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ကောင်စီတပ်က ယင်းဓနိတောများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဓနိထုတ်ကုန်များကို အချိန်ပြည့် မထုတ်နိုင်တော့ကြောင်း ဒေသခံတောင်သူများက ဆိုသည်။
ယင်းအပြင် ကမ်းခြေနှင့် ရှင်ကိုးရှင်ဘုရားဖူးခရီးသွားများ တိုင်းအတွင်း ဝင်ရောက်မှုနည်းပါးလာခြင်းကြောင့်လည်း ဓနိယိုလုပ်ငန်းများ စျေးကွက်ပျောက်လာကြောင်း ထားဝယ်ဒေသထွက်ကုန်ပစ္စည်း ရောင်းချသူများက ပြောဆိုသည်။
လက်ရှိတွင် ပအုန်းရည်၊ ဓနိယို၊ ဓနိသကြားများကို ထိုင်းရောက် ထားဝယ်ဒေသခံများ မှာယူသဖြင့် ထိုင်းနိုင်ငံသို့ ပို့ရမှု ရှိ သော်လည်း ယခင်ကဲ့သို့ စျေးကွက် မရှိကြောင်း ထားဝယ်ဒေသထွက် ကုန်ပစ္စည်း ရောင်းချသူအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခုက ဒေသတွင်းထက် ကော့သောင်းစျေးကွက်ကနေ ထိုင်းဘက်ကိုပဲ ပို့ရတာများတယ်။ အရင်ကထက်စာရင် ဓနိပွင့်ယိုလုပ်သူလည်း နည်းလာတယ်” ဟု ၎င်းက ပြောသည်။
ဓနိပွင့်ယို ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာသဖြင့် ဓနိယိုစျေးမှာလည်း မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ၂၀၂၂ ခုနှစ်တွင် ဓနိယို တစ်ပိဿာ ကျပ် ၃၀၀၀၊ ၂၀၂၃ ခုနှစ် ကျပ် ၅၀၀၀မှ ကျပ် ၈၀၀၀၊ ၂၀၂၄ ခုနှစ်တွင် ၁၀၀၀၀ နှင့် ၂၀၂၅ ခုနှစ်တွင် ကျပ် ၁၀၀၀၀ မှ ကျပ် ၁၂၀၀၀ အထိ စျေးမြောက်လာသည်။
ထားဝယ်ဒေသထွက် လက်ဆောင်တစ်ခုဖြစ်သည့် ဓနိပွင့်ယိုပြုလုပ်ရာတွင် ဓနိပန်းကိုခူးပြီး အခြောက်လှန်းကာ ဓနိဦးရည်ဖြင့် ကျိုချက်ကြခြင်းဖြစ်သည်။