ထားဝယ်မြို့ ကမ်းနားစျေးအနီးရှိ သဲကွင်းပန်းခြံတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့နံနက်ပိုင်းတွင် သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထားဝယ်ထံမှ သိရသည်။
သေဆုံးနေသူမှာ အသက် ၄၀ နှစ်ဝန်းကျင်အရွယ်ရှိပြီး ယနေ့ နံနက် ၆ နာရီခန့်တွင် သဲကွင်းပန်းခြံထဲ လူလျှောက်လမ်း နံဘေးရှိ မြက်ခင်းပြင်တွင် သေဆုံးနေကြောင်း ဇမ္ဗူသီရိအဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အလောင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်း အင်္ကျီမရှိဘူး။ ထဘီတစ်ထည်ပဲ တွေ့ ရတယ်။ နောက်ပြီး ဦးခေါင်းဒါဏ်ရာတွေ့ တယ်” ၎င်းက ပြောဆိုသည်။
သေဆုံးသူ အမျိုးသမီးမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရသေးကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အမျိုးသမီး၏ ရုပ်အလောင်းကို ဇမ္ဗူသီရိအဖွဲ့က အရေးပေါ် လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ယနေ့ သေဆုံးလျက်တွေ့ရသည် အမျိုးသမီးမှာလည်း စိတ်ဝေဒနာသည်ဟု မြို့ခံအချို့နှင့် ကူညီဆောင်ရွက်ပေးသူအချို့က ပြောဆိုကြပြီး Dawei Watch အနေဖြင့်မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလ ၃၀ ရက်တွင်လည်း ထားဝယ်မြို့ မြို့သစ် ၇လမ်းနှင့် ၁၀လမ်းထောင့်တွင် ခန္ဓာကိုယ်အပေါ် ပိုင်း ဝတ်လစ်စလစ်ဖြစ်ပြီး ဦးခေါင်း ဒါဏ်ရာဖြင့် သေဆုံးနေသည့် စိတ်ဝေဒနာသည်အမျိုးသမီး၏ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိ ခဲ့သေးသည်။