ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် ယခုနှစ် နွေရာသီတွင် အဝီစိရေတွင်းတူးဖော်သူ များလာကြောင်း ဒေသခံများကပြောသည်။
ဖေဖော်ဝါရီလ တတိယအပတ် အတွင်း၌ပင် ကံပေါက်ကျေးရွာ ၊ ရပ်ကွက် ၄ ခု တွင် အဝီစိရေတွင်း ၈ တွင်းခန့် တူးဖော်ခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။
ခဲမဖြူနှင့်အဖြိုက်နက် ထွက်ရှိသည့် ကံပေါက်ဒေသတွင် မြို့ပေါ်ရပ်ကွက် ၁၀ ခု အနက် ရေတွင်းတူးဖော်နိုင်သည့် ရပ်ကွက် ၄ ခုခန့်သာရှိသဖြင့် နှစ်စဥ်နွေရာသီတွင် ရေအခက်အခဲကြုံရလေ့ရှိသည်။
“ အခုကတော့ ရေကရနေပြီ ။ ရေကမကြည်သေးဘူး။ တစ်လလောက်စောင့်ရဦးမယ်ပြောတယ်။ အရင်ကအဝီစိတွင်းတူးရင် မအောင်မြင်ဘူး ။ အခုကတော့ ရေထွက်ပြီးအောင်မြင်တယ်“ ဟု အဝီစိတူးဖော်ထားသည့် ကံပေါက်ဒေသခံတစ်ဦးကပြောသည်။
အဝစီစိတွင်းတစ်တွင်း ကုန်ကျငွေအနေဖြင့် တွင်းတူခ တစ်ပေ ကျပ်သုံးသောင်းခွဲနှုန်းဖြင့် ပေတစ်ရာနီးပါးတူးဖော်ရပြီး စက်တပ်ဆင်ခအပါအဝင် ကျပ်သိန်းငါးဆယ်ကျော်ကုန်ကျကြောင်း ၎င်းကဆက်ပြောသည်။
ယခုတူးဖော်ထားသည့် အဝီစိတွင်းများ၏ အခြေအနေကိုစောင့်ကြည့်နေပြီး အဆင်ပြေပါက တူးဖော်ရန်စီစဥ်နေသူများလည်းရှိကြောင်း ဒေသခံတို့ထံကသိရသည်။
ကံပေါက်ဒေသ၌ ရေကန်တောင်(ဆည်)မှသွယ်ယူထားသည့် ကျေးရွာပိုင်ရေပိုက်လိုင်းသည် နှစ်စဥ် နွေရာသီတွင် ရေပြတ်တောက်လေ့ရှိသဖြင့် ရေအခက်အခဲကြုံလေ့ရှိသည်။
ယင်းအချိန်တွင် ရေစည်ကား တစ်ကားလျှင် ကျပ်တစ်သောင်းမှနှစ်သောင်းဝန်းကျင်အထိ ပေးကာဝယ်ယူဖြေရှင်းနေရသည်ဟု ဒေသခံတို့ကဆိုသည်။
ယခုအခြေအနေတွင် ရေရှားပါးမှုကို ဖြေရှင်းရန် နည်းလမ်းမှာ အဝီစိတွင်း တူးခြင်းသာရှိသဖြင့် ဒေသခံများမှာ ယင်းနည်းလမ်းကို ရွေးလာကြခြင်းဖြစ်သည်။
သို့သော်မြေအောက်ရေ အထုတ်များလာပါက ရေရှည်တွင် ဆိုးကျိုးများဖြစ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရန် စီစဥ်ထားသင့်ကြောင်း ပညာရှင်များက ထောက်ပြထားသည်။
မြေအောက်ရေ အဝင်များလာစေရန် ကွန်ကရစ်၊ ကတ္တရာစသည့် ရေပိတ်လွှာများ မလိုအပ်ဘဲ ခင်းခြင်းကို ရှောင်ကြဥ်သင့်ကြောင်းနှင့် ၊ ရေအရင်း အမြစ်တစ်ခုတည်းကို အားကိုးနေရန် မသင့် ဘဲ မြေပေါ်ရေအရင်းအမြစ်များကို ကြိုတင်ရှာဖွေထားသင့်ကြောင်း ရေပညာရှင်ဦးကျော်ဦးက Dawei Watch နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။