BREAKING
September 20, 2024

နှစ်သုံးဆယ်ကျော်အတွင်းပထမဆုံးယမ်းနံ့ဝေသည့် ထားဝယ်

February 27, 2021

ပုညက်ညက် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကိုင်ထားသည့် သေနတ်မောင်းကို စဆွဲလိုက်သည်။

ပြောင်းချောသေနတ်ဟု ခေါ်သည့် ရော်ဘာကျည်ပစ်ခတ်နိုင်သည့် သေနတ်သံက ထားဝယ်မြို့တွင် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ပထမဆုံး ကြားလိုက်ရခြင်းဖြစ်သည်။

အဆိုပါရဲတပ်သားပစ်ပြီး တစ်မိနစ်ပင်မကြာလိုက်ပေ။ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးကိုင်ထားသည့် လောင်ချာသေနတ်ပြောင်းဝမှ မီးခိုးဗုံးဟု ကျည်ဆံတစ်ခုထွက်လာပြီး ပေလေးဆယ်ခန့်အကွာတွင် ကျသွားသည်။

ထိုကျည်ဆံမှ မီးခိုးများအူထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမွှန်သွားသည်။

ယင်းရဲတပ်သား လောင်ချာသေနတ်မောင်းဆွဲညှစ်လိုက်ပြီးနောက် အခြားရဲတပ်ဖွဲ့ဝင်များကလည်း ပြောင်းချောသေနတ်ဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ကြတော့သည်။

ပထမတွင် ဆန္ဒပြလူအုပ်ကို အတည့်မပစ်သေးဘဲ မိုးပေါ်အနည်းငယ်ထောင်ကာ ပစ်ကြသည်။ ထိုနောက်တွင်မူ လူအုပ်အတွင်းသို့ချိန်ကာ အချက်ပေါင်း ၅၀ ခန့်အထိ ပစ်ခတ်လိုက်တော့သည်။

၎င်းတို့ပစ်နေသည့် ပစ်မှတ်ကား လက်နက်မဲ့ ဆန္ဒပြလူငယ်အုပ်ဖြစ်ပြီး နေရာကား ထားဝယ်မြို့အလယ်ရှိ ကရပ်ပြင်လမ်းဆုံတွင် ဖြစ်သည်။

အချိန်ကား ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၉ နာရီကျော်ကျော်။

တိုက်သစ်ကျောင်းလမ်းဘက်မှ ချီတက်လာသည့် ထားဝယ်ခရိုင်ပင်မသပိတ်စစ်ကြောင်းတပ်ဦး ကရပ်ပြင်လမ်းဆုံသို့ ရောက်လာချိန်တွင် ရဲကားများက အဆိုပါလမ်းဆုံသို့ ရောက်ချလာသည်။

ထိုရဲကားပေါ်မှ ရဲတပ်ဖွဲ့ဝင်များက ကားပေါ်မှချက်ချင်းဆင်းလာပြီး ဒိုင်းပြားများ၊ သေနတ်များကိုင်ကာ ကရပ်ပြင်လမ်းဆုံတွင် လမ်းအပြည့်တပ်ဖြန့်လိုက်သည်။

ထိုအချိန်တွင် သပိတ်တပ်ဦးက ကရပ်ပြင်လမ်းဆုံမှ အာဇာနည်လမ်းအတိုင်း အရှေ့ဘက်သို့ ချီတက်နေပြီး သပိတ်ခေါင်းဆောင်သုံးဘီး ဆိုင်ကယ် ခေါင်မိုးပေါ်မှ ရဲတပ်ဖွဲ့ဝင်များအား ဆွယ်တရားဟောနေသည်။

“ပြည်သူ့လစာ စားနေတဲ့ ပြည်သူ့ရဲများခင်ဗျား။ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းဖြစ်ပါတယ်ခင်ဗျား။ ခင်ဗျားတို့ရဲ့ သေနတ်ပြောင်းတွေကို” ဟု ဆန္ဒပြခေါင်းဆောင် ပြော၍ပင်မပြီးသေးပေ။

ဆန္ဒပြသူများကလည်း အာဇာနည်လမ်းမပေါ် ရဲတပ်ဖွဲ့နှင့်မျက်နှာချင်းဆိုင်တွင် လက်လုပ်ဒိုင်းပြားများဖြင့် နေရာယူလိုက်သည်။

ထိုအချိန်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းကို ခါးလယ်မှ ဖြတ်လိုက်သကဲ့သို့ဖြစ်သွားပြီး အာဇာနည်လမ်းပေါ်တွင် တပ်ဦးအဖွဲ့ရှိနေပြီး စစ်ကြောင်း၏တစ်ဝက်ကျော်ကျော်က ရတနာမာန်အောင်လမ်းတွင် ရှိနေကြဆဲဖြစ်သည်။

ထိုသို့ နေရာယူပြီးစက္ကန့်ပိုင်းအကြာတွင် ပြောင်းချောသေနတ်မှ ပထမဆုံးကျည်ထွက်သွားပြီးနောက် မီးခိုးဗုံးများ၊ ရော်ဘာကျည်များက အချက်ပေါင်းများစွာ။

“ဒိုင်း” “တောက်” “ဒိုင်း” “တောက်”

ပစ်လိုက်သည့်ရော်ဘာကျည်အား ကော်ပုံးပြာဖြင့် လုပ်ထားသည့် ဒိုင်းပြားများနှင့် ကာရာမှ ထိပြီးထွက်လာသည့် အသံဖြစ်သည်။

ဆယ်ချက်ခန့်ပစ်ပြီးချိန်အထိ ကာကွယ်ခဲ့သေးသော်လည်း မီးခိုင်းဗုံးဒဏ်ကို သူတို့မခံနိုင်ခဲ့ပေ။ တပ်ဦးက အာဇာနည်လမ်းအတိုင်း ရှမ္မလည်ဆွဲလမ်းဆုံဘက် ဆုတ်သွားသည်။

ထိုအချိန်တွင် ရဲတပ်ဖွဲ့၏ ရေအမြောက်ကားတစ်စီးထပ်ရောက်လာပြန်သည်။ ထိုအချိန်တွင် ကရပ်ပြင်လမ်းဆုံ၏ ရွှေတောင်စားလမ်းနှင့် ရတနာမာန်အောင်လမ်းတို့တွင်လည်း ဆန္ဒပြလူငယ်များ ကြွေးကြော်သံများ ဟစ်ကြွေးနေကြသည်။

ထိုအချိန်တွင် အရှေ့လေတိုက်ခတ်လာပြီး မီးခိုးဗုံးမှ မီးခိုးများက ရဲတပ်ဖွဲ့များ တပ်ဖြန့်ထားသည့် နေရာသို့ ဝှေ့ဝိုက်လာသည်။

အဆိုပါမီးခိုးက မျက်စိစပ်၊ လည်ချောင်းနာပြီး အသက်ရှုမဝဖြစ်စေသည်။

ရဲတပ်ဖွဲ့က အနောက်သို့ ခြေလှမ်းငါးလှမ်းခန့် ထပ်ဆုတ်လိုက်ရသည်။

ထိုအချိန်တွင် ပျောက်ကျားဦးထုပ်ဆောင်းထားသည့် ပရဟိတအမျိုးသားတစ်ဦးက လမ်းဆုံရှိ အမှိုက်များ လိုက်ကောက်နေသည်။

အမှိုက်ကောက်နေသူအားပစ်ရန် ရဲတပ်ဖွဲ့ဝင်အချို့က သေနတ်ဖြင့်ချိန်လိုက်သည်။ အကွာအဝေးအားဖြင့် ပေ ၁၀၀ ပင် မဝေးလှပေ။

ပစ်ခတ်ရန်သေနတ်ဖြင့်ချိန်နေသည့်ရဲတပ်ဖွဲ့ဝင်များက မပစ်တော့ဘဲ ဆက်ကြည့်နေလိုက်သည်။

ထိုအချိန်တွင် အာဇာနည်လမ်းမပေါ်တွင် “ပြည်သူ့စည်း” အဖြစ် လမ်းမပေါ်တွင် အတားအဆီးများ ချထားလိုက်တော့သည်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် နှစ်ပိုင်းကွဲသွားသည့်သပိတ်စစ်ကြောင်းက လမ်းသွယ်အသီးသီးမှတစ်ဆင့် သပိတ်တပ်ဦးနှင့် သွားရောက်ပူးပေါင်းပြီး ဆေးရုံလမ်းမှ ဥတ္တံတားကြီးလမ်းဆုံသို့ ဆက်လက်ချီတက်လာခဲ့သည်။

ဆေးရုံလမ်းရှိ အုန်းတောလမ်းဆုံတွင်မူ ပင်မသပိတ်စစ်ကြောင်းအား လာကြည့်သည့် အမျိုးသမီးဆယ်ဦးခန့်က ကြွေးကြော်သံ များကို ကြွေးကြော်နေကြသည်။ သူတို့၏ မျက်ဝန်းတွင် လုပ်ရက်လေခြင်းဆိုသည့် ဂရုဏာဒေါသောမျက်ရည်များ ကျနေသည်။

ပင်မသပိတ်စစ်ကြောင်းဥတ္တံတားကြီးလမ်းဆုံသို့ ရောက်ရှိချိန်တွင်မူ အလှသစ်စင်တာအနီးရှိ ဘယ်ရီဂိတ်များ ချထားသည့် နေရာတွင် ရဲတပ်ဖွဲ့က နေရာယူထားပြန်သည်။

ထိုအချိန်တွင် ဆန္ဒပြခေါင်းဆောင်များက မိနစ်အနည်းငယ်ကြာ မကြောက်တရားဟောခဲ့ပြီး “ဒို့အရေး” ကြွေးကြော်နေသည်။

မိနစ်အနည်းငယ်အကြာတွင် ဥတ္တံတားကြီးလမ်းဆုံမှ ဗဟိုလမ်းဆုံသို့ ချီတက်ရန ပြင်ဆင်နေချိန်တွင် ရဲစခန်းဘက်မှ ရဲတပ်ဖွဲ့ဝင်များ ဆန္ဒပြသူများဘက်သို့ တဖြည်းဖြည်း အစုလိုက်တပ်ဖြန့်လာသည်။

ဆန္ဒပြသူများက လားရာမတူသည့် လမ်းအသီးသီးသို့ ရှောင်ပြေးကြပြန်သည်။ ရဲတပ်ဖွဲ့ဝင်များကလည်း ဥတ္တံတားကြီးလမ်းဆုံတွင် ဒိုင်းပြားနှင့် သေနတ်ကိုင်ကာ လမ်းအပြည့်တပ်ဖြန့်လိုက်သည်။

ယင်းအချိန်တွင် ယာဉ်အသွားအလာများပြားလေ့ရှိသည့် ဥတ္တံတားကြီးလမ်းဆုံမီးပွိုင့်တွင် ငါးမိနစ်ခန့် လူသူကင်းမဲ့သွားသည်။

ထိုအချိန်တွင် ဥတ္တံတားကြီးရှိရာ ဘုရားကြီးဝင်းအတွင်းဝင်သည့်လမ်းဝန်းကျင်တွင် ဆန္ဒပြသူများက ဆက်လက်ဟစ်ကြွေး နေသည်။

ရဲတပ်ဖွဲ့က အနောက်သို့ အနည်းငယ်ဆုတ်သွားပြီး မိနစ်ပိုင်းအကြာတွင် ကျား ထိုးတက်လာသည်။

ထိုးတက်လာသည်နှင့်တစ်ပြိုင်နက် ပြောင်းချောသေနတ်ဖြင့် ၁၀ ချက်ခန့် မနားတမ်းပစ်ခတ်လိုက်တော့သည်။

ထိုသို့ပစ်ပြီးနောက် အချိန်အနည်းငယ်အကြာတွင် ရဲစခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြန်သည်။

ရဲတပ်ဖွဲ့ဆုတ်ခွာသွားပြီးနောက် ဆန္ဒပြသူများက ဥတ္တံတားကြီးမီးပွိုင့်လမ်းဆုံသို့ ပြန်စုဝေးပြီး ဒို့အရေး ကြွေးကြော်နေကြပြန်သည်။

နေ့လည် ၁၂ နာရီခန့်တွင်မူ လူစုခွဲမည်ဖြစ်ကြောင်း အချင်းချင်းတိုင်ပင်ကြပြီးနောက် နိဗ္ဗာန်လမ်းအတိုင်းဆင်းကာ လူစုခွဲလိုက်တော့သည်။