BREAKING
April 10, 2025

ထိန်းသိမ်းခံ မြန်မာများကို နေရပ်ပြန်မပို့ရန် ထိုင်းအစိုးရကိုတိုက်တွန်း

January 27, 2025

ပုံစာ - ယနေ့ ကျင်းပသော ဆွေးနွေးပွဲတွင် ပါမောက္ခ Prof. Vitit Muntabhorn က ပြောကြားစဉ်

မြန်မာနိုင်ငံသားများကို စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသဖြင့် ထိုင်းနိုင်ငံထဲ ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရအနေဖြင့် နေရပ်ပြန်မပို့ရန် ချူလာလောင်ကွန်းတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခတစ်ဦးက တိုက်တွန်းလိုက်သည်။

မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသူများအား ကာကွယ်ပေးရေးနှင့် ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ ကျင်းပစဉ် ပါမောက္ခ Prof. Vitit Muntabhorn တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ယင်းပွဲကို Myanmar Response Network (MRN) နှင့် ချူလာလောင်ကွန်းတက္ကသိုလ်တို့က ဦးဆောင်ကျင်းပပြီး ချူလာလောင်ကွန်းတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ်က ဥပဒေပညာရှင်များ၊ ထိုင်းနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့အစည်းများ၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့က တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အာဏာသိမ်းပြီးနောက်ပိုင်း ရောက်ရှိလာသော မြန်မာနိုင်ငံသားများနှင့် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ရောက်ရှိလာသော မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း ကာကွယ်မှုရရှိရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေးအခြေအနေအရ ထွက်ပြေးတိမ်းရှောင်လာရသူများကို ထိုင်းအစိုးရက ဒုက္ခသည်များအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ၎င်းတို့အား ထိုင်းနိုင်ငံက ကာကွယ်စောင့်ရှောက်မှုများ ပေးရမည်ဖြစ်ကြောင်း ပါမောက္ခ Prof. Vitit Muntabhorn က ပြောသည်။

တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသူများကို မြန်မာနိုင်ငံအတွင်းသို့ နေရပ်ပြန်လည်ပို့ဆောင်နေခြင်းသည် ထိုင်းနိုင်ငံအား ဖိနှိပ်နေသောနိုင်ငံအဖြစ် နိုင်ငံတကာက ထင်မှတ်စေနိုင်ကြောင်း ပါမောက္ခက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေရှိနေသဖြင့် အသစ်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကာကွယ်ပေးရန်၊ နေရပ်ပြန်မပို့ရန်နှင့် ၎င်းတို့အား ထိုင်းအစိုးရအနေဖြင့် ယာယီနေထိုင်ခွင့်၊ ခိုလှုံခွင့်ပေးရန် ပါမောက္ခ Prof. Vitit Muntabhorn က ဆွေးနွေးပွဲတွင် ပြောသည်။

“အခုချိန် မြန်မာနိုင်ငံသားတွေက ပြန်ပို့ခံရရင် မလုံခြုံဘူး။ ထိုင်းအစိုးရဘက်ကလည်း လုံခြုံတဲ့နေရာကို ပို့ပေးနေတာမဟုတ်ဘူးဆိုတာ သတိထားရမယ်။ ဒါကြောင့် သူတို့ကို ပြန်မပို့ဖို့ (ထိုင်း)လွှတ်တော်တွေထဲထိ ကျွန်တော်တို့ ပြောပြခဲ့တယ်” ဟု ပါမောက္ခ Prof. Vitit Muntabhorn က ဆွေးနွေးပွဲတွင် ပြောသည်။

ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေးဥပဒေအရလည်း တစ်ဖက်နိုင်ငံတွင် ညှင်းပန်းနှိပ်စက်ခံရနိုင်ပါက မူရင်းနိုင်ငံကို ပြန်မပို့ရန် ပြဌာန်းထားကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် လက်ရှိ ရောက်လာသော မြန်မာနိုင်ငံသားများကို ၎င်းတို့၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကလေးမွေးစာရင်းနှင့် ဘဝနေထိုင်ရေးများအတွက်လည်း ထိုင်းအစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ပြောသည်။

အကယ်၍ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရမည်ဆိုပါကလည်း ပွင့်လင်းမြင်သာမှုရှိစေရန်နှင့်UNHCR ကဲ့သို့ အခြားအဖွဲ့အစည်းများ ပါဝင်လာစေရန် ပါမောက္ခက ဆွေးနွေးပွဲတွင် ပြောသည်။

ပြီးခဲ့သောနှစ် ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးအထိ ပြန်လည်ပို့ဆောင်ခဲ့သည်။

စစ်ကောင်စီအစိုးရကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ရှိလာနေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။