မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး ဒေသတွင်း စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို စစ်ကောင်စီဘက်က တားဆီးပိတ်ပင်ထားကြောင်း ဒေသခံနှင့် စစ်ဘေးရှောင်များကို အကူအညီပေးနေသူတို့ထံမှ သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၉) နှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် ကျုံလောင်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဇန်နဝါရီလ ၉ရက်ကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။
တိုက်ပွဲဖြစ်သည့်နေ့တွင် ကျုံလောင်းအနီးအနားတဝိုက်ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး စားနပ်ရိက္ခာသယ်ဆောင်ခွင့်၊ ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယင်းအပြင် ကျုံလောင်းရွာအရှေ့ဘက်ရှိ ကျောင်းရွာဘက်ကိုလည်း ဇန်နဝါရီလ ၁၂ ရက်ကစပြီး စစ်ကောင်စီတပ်က စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“ကျုံလောင်းဘက် ရိက္ခာသယ်ခွင့် ပိတ်လိုက်တော့ အတွင်းပိုင်းကျေးရွာတွေက အဲဒီကျောင်းရွာကနေ သယ်ကြတယ်။ အခု ကျောင်းရွာဘက်မှာလည်း မပေးသယ်တော့ဘူး။ စားဖို့ သောက်ဖို့ အနည်းငယ်လောက်ပဲ ခွင့်ပြုတယ်။ အစစ်အဆေးလည်း ကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ပိတ်ပင်ထားသည့်အတွက် ရေးမြို့နယ် အရှေ့ဘက်ရှိ အတွင်းပိုင်းကျသည့် ကျေးရွာဆယ်နှင့်ချီမှ ဒေသခံပြည်သူများအပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြ သူများလည်း စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့လာရကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူတို့က ဆိုသည်။
ကျုံလောင်းတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကျုံလောင်း၊ ကျောက်မိချောင်း၊ အိုင်ရှည်၊ ဝယ်ပေါင်၊ ကမ်းနီ၊ ရစ်ချောင်း အစရှိသည့် ကျေးရွာများမှ ဒေသခံ တစ်ထောင်ကျော်တို့သည် ရေးမြို့နယ် အရှေ့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ရေးမြို့နယ် တိုက်ပွဲအတွင်းအထိနာနေသည့် စစ်ကောင်စီတပ်သည် ဖြတ်လေးဖြတ်ဗျူဟာကို အသုံးပြုလာပြီး တော်လှန်ရေးတပ်ဖွဲ့များအတွက်သာမက စစ်ဘေးရှောင်များ၊ အရပ်သားပြည်သူများကိုပါ အသုံးပြုလာကြောင်း ရေးမြို့နယ်အတွင်းက စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောဆိုသည်။
“ကျုံလောင်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာကို သုံးလာတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားနိုင်တဲ့နေရာကို ရိက္ခာတွေ ပေးမသယ်ဘူး။ ဖြတ်သွား ဖြတ်လာ ပေးမလုပ်ဘူး။ အဲဒီလိုမျိုးတွေ လုပ်လာ တယ်။ သူတို့ လုပ်ပုံက တော်လှန်ရေးတွေက ဘာမှမဖြစ်ဘဲနဲ့ အရပ်သားတွေ၊ နောက်ပြီး ထွက်ပြေးလာတဲ့လူတွေပဲ ဒုက္ခရောက်ကုန်တာ။ ဒါက သူတို့ လုပ်နေကျပုံစံပါပဲ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဘက်က စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းများ ပြတ်လပ်လာ သည့်အပြင် ကုန်စျေးနှုန်းလည်း နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။
လက်ရှိတွင် ရေးမြို့နယ် အရှေ့ဘက်ဒေသသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများကို မွန်ပြည်သစ်ပါတီ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ မွန်ပြည်သူတို့က ဆန်၊ ဆီ၊ ဆေးဝါး အစ ရှိသည့်အကူအညီများ ပေးနေသော်လည်း လုံလောက်မှုမရှိသဖြင့် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ကူညီပေးနေသူတို့က ဆိုသည်။
ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက် အင်အားထပ်မံတိုးချဲ့လာနေသည့်အတွက် ရေးဒေသတစ်ခုလုံးတွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောဆိုထားသည်။