BREAKING
April 11, 2025

တရုတ်နှစ်သစ်ကူးနီးချိန် နှမ်းဈေးနှစ်ဆကျော်တက်

January 27, 2025

တရုတ်နှစ်သစ်ကူးချိန် နီးလာသဖြင့် နှမ်းနက် (ဒေသအခေါ်-နှမ်းမဲ) ဈေး နှစ်ဆကျော်မြင့်တက်လာကြောင်း နှမ်းစိုက်တောင်သူများနှင့် မြိတ်မြို့ခံများထံမှ သိရသည်။

တရုတ်နှစ်သစ်ကူးရိုးရာမုန့်များလုပ်ရာတွင် နှမ်းနက်ကို အဓိကအသုံးပြုကြသည့်အတွက် ရောင်းအားတက်လာကာ ဈေးတက်လာခြင်းဖြစ်ကြောင်း နှမ်းနက်ရောင်းချနေသည့် ဆိုင်ရှင်အချို့က ဆိုသည်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းကမူ နှမ်းနက်တစ်ဘူး (နို့ဆီဘူးတစ်ဘူး) လျှင် ၁၀‌၀၀ ကျပ်ဝန်းကျင်သာ စျေးရှိရာက လက်ရှိတွင် ၂၅၀၀ ကျပ်ဝန်းကျင်ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“နှမ်းဈေးတွေ တော်တော်တက်လာတယ်။ တခြားထွက်ကုန်တွေ ဘယ်လောက်ဈေးတက်တက် နှမ်းဈေးတက်တယ်ဆိုတာ တော်တော်ရှားတယ်” ဟု မြိတ်မြို့နယ်အတွင်း‌ရှိ နှမ်းစိုက်တောင်သူတစ်ဦးက ဆိုသည်။

ယမန်နှစ်လယ်ပိုင်းကမူ နှမ်းနက် တစ်ဘူးလျှင် ငွေကျပ်ငါးရာဝန်းကျင်သာ ဈေးရှိကြောင်း တောင်သူများထံမှ သိရသည်။

တိုက်ပွဲနှင့် နယ်မြေမအေးချမ်းမှုကြောင့် နှမ်းစိုက်သူလည်းနည်းပါးလာကြောင်း မြိတ်မြို့နယ်ရှိ နှမ်းစိုက်တောင်သူ အခြား တစ်ဦးက ဆိုသည်။

“ရှားပါးလာလို့ ဈေးကောင်းလာတယ်ထင်တယ်။ အခု‌ခေတ်နိုင်ငံရေးအခြေအနေကြားမှာ စိုက်ပျိုးရမှာကလည်း ခပ်လန့်လန့်ပါပဲ” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း နှမ်းစိုက်တောင်သူ အနည်းငယ်သာရှိပြီး အများစုကို မြန်မာပြည်အလယ်ပိုင်းဒေသမှ တင်သွင်းရောင်းချလေ့ရှိသည်။