ထားဝယ်အကျဥ်းထောင် အမျိုးသမီးအဆောင်ဘက်ခြမ်းတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလခန့်ကစ၍ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိဘဲ ဖြစ်နေကြောင်း အကျဥ်းသူမိသားစုများထံမှ သိရသည် ။
နေ့စဥ် ကျန်းမာရေးကြည့်ရှု စစ်ဆေးပေးချိန် မိနစ် ၃၀ ခန့်သာပေးသဖြင့် အကျဥ်းသူပမာဏများပြီး အချိန်နည်းနေ၍ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် လိုအပ်ချက်ဖြစ်နေကြောင်း နိုင်ငံရေးအကျဥ်းသူတစ်ဦး၏ မိသားစုဝင်တစ်ဦး ကပြောသည်။
“အမျိုးသမီးဘက်ခြမ်းမှာက ဆရာဝန်တွေ ၊ ဆေးမှူးတွေကအမြဲမလာဘူး။ အကျဥ်းသူတစ်ယောက်ကိုပဲ ပြန်တာဝန်ပေးထားတာမျိုးရှိတယ်။ သူက သွေးပေါင်ချိန်ဖို့လောက်ကို မလုပ်ပေးချင်ဘူး ။ အချိန်မလောက်တာရော ၊ မလုပ်ပေးချင်တာရောပဲ ။ ဆေးဝါးဆိုလည်း ပါရာစီတမော လောက်ပဲရတယ် ။ ကျန်တာ အပြင်ကပြန်မှာနေရတာပဲ ” ဟု ၎င်းကပြောဆိုသည် ။
ယခင်က ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ညနေ ၄ နာရီနောက်ပိုင်းတွင် လူနာဦးရေ အခြေအနေအပေါ်မူတည်၍ အချိန်အကန့်အသတ်မရှိဘဲ စောင့်ရှောက်မှုပေးသည်ဟု ထားဝယ်အကျဥ်းထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဥ်းသူတစ်ဦးကပြောပြသည် ။
အကျဥ်းထောင် ပင်မဆေးခန်းရှိသည့် အမျိုးသားအဆောင်ဘက်ခြမ်းတွင်မူ ကျန်းမာရေး ကြည့်ရှုစောင့်ရှောက်ပေးသည့် အချိန်နှင့်ပတ်သက်၍ အမျိုးသမီးအဆောင်ကဲ့သို့ အခက်အခဲ မရှိကြောင်း အမျိုးသားထောင်ဘက်ခြမ်းသို့ ထောင်ဝင်စာပုံမှန်ပို့နေသူတစ်ဦးကဆိုသည် ။
သို့သော် ထောင်ပြင်ပမှ ဆေးဝါးမှာယူမှုနှင့်ပတ်သက်၍ အကျဥ်းထောင်စျေးဘားမှ ပိုက်ဆံဖြတ်ခြင်းနှင့် အကျဥ်းသားများ၏ မိသားစုများထံ ငွေကြေးပြန်တောင်းခံမှုမှာ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင် နှစ်ဘက်စလုံးတွင်ရှိသည်ဟု အကျဥ်းသားမိသားစုဝင်များထံမှသိရသည် ။
အာဏာသိမ်းပြီနောက် ထားဝယ်အကျဥ်းထောင်တွင် ဆရာဝန်တစ်ဦး ၊ ဆေးမှူး နှစ်ဦး ရှိခဲ့ပြီး ပြီးခဲ့သည်နှစ်အတွင်း ဆရာဝန်ဖြစ်သူ ကွယ်လွန်ခဲ့ကာ ဆေးမှူးတစ်ဦးက CDM ပြုလုပ်ခဲ့သည်။
ကျန်သည့်ဆေးမှူးတစ်ဦးမှာလည်း ၂၀၂၃ ခုနှစ်အတွင်း၌ စစ်ကောင်စီ က ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီး အရေးယူခဲ့သည်။
ယင်းနောက် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ထားဝယ်ထောင်သို့ ဆေးမှူးအသစ်တစ်ဦး ရောက်ရှိလာသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသေးသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟု ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် အဖွဲ့ဝင်တစ်ဦးက ထောက်ပြသည် ။
ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားဦးရေ တစ်ထောင့်နှစ်ရာကျော် ရှိသည်ဟု နိုင်ငံရေးအကျဥ်းသားများကို ကူညီဆောက်ရွက်ပေးနေသူများထံကသိရသည် ။