ရေဖြူမြို့နယ် ၊ ဇာဒီရွာဘက်ကို စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွားသော ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာသား ကိုဝေဠုကျော်သည် ပြန်လွတ်လာကြောင်း နီးစပ်သူများထံမှသိရသည်။
ဒီဇင်ဘာလ ၂၅ ရက်နံနက်ပိုင်းက အသက် ၁၈ နှစ်အရွယ် ကိုဝေဠုကျော်ကို စစ်ကောင်စီတပ်က ပြန်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းစဝင်သည့် ဒီဇင်ဘာ ၁၈ ရက်က ၎င်းနှင့်အတူ အဖမ်းခံရသည့် ခွေးမဖောရွာက ကိုအောင်ကြည်သိန်းမှာ အသတ်ခံလိုက်ရပြီး ဒီဇင်ဘာ ၂၃ ရက်က အလောင်းပြန် တွေ့ခဲ့သည် ။
ထိုအချိန်က စစ်ကြောင်းဝင်လာစဥ် ရွာအတွင်းပိတ်မိနေသဖြင့် ဖမ်းဆီးခံရသည့် ဇာဒီရွာသား နှစ်ဆယ်ခန့်လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၅ ရက်တွင် ဇာဒီရွာမှ ပြန်လည်ထွက်ခွာသွားသော်လည်း ခေါင်ပြန်ရွာဘက်သို့ ရောက်နေသည့် စစ်ကြောင်းမှာ သတင်းမရဘဲပျောက်နေကြောင်း ဇာဒီရွာသားတစ်ဦးက ပြောသည် ။
“စစ်ကြောင်းပြန်ထွက်သွားလို့ ရွာသားတွေပြန်ဝင်ပြီး သွားကြည့်ကြတယ်။ ယူစရာရှိတာယူပြီး ပြန်ထွက်လာခဲ့တယ်။ နေလို့တော့ မရဲတော့ဘူး။ စစ်ကြောင်းပြန်ထွက်သွားပေမဲ့ ပယရွာဂိတ်မှာ စစ်သားတွေ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။
ကိုဝေဠုကျော်နှင့်အတူအဖမ်းခံရပြီး သတ်ဖြတ်ခံလိုက်ရသည့် ကိုအောင်ကြည်သိန်း၏ ဖုန်းအတွင်းမှတ်သားထားသည့် ဖုန်းနံပါတ်များကို စစ်ကောင်စီတပ်သားများက လိုက်လံဆက်သွယ်နေသည့်အပြင် အဆိုပါဖုန်းနံပါတ်ဖြင့် တယ်လီဂရမ်အကောင့်တစ်ခုလည်း ဖွင့်ထားကြောင်း ကာယကံရှင်မိသားစုထံမှ သိရသည် ။
ထိုကြောင့် ကိုအောင်ကြည်သိန်း၏ ဖုန်းနံပါတ်ဖြင့် ဆက်သွယ်လာပါက လက်ခံဖြေကြားခြင်းမပြုကြရန် မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် အသိပေးထားသည် ။
စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ ရက်မှ ၂၅ ရက်အထိ ၈ ရက်အကြာ စစ်ကြောင်းထိုးတပ်စွဲခဲ့သည့် ဇာဒီကျေးရွာ သစ်လှတောရပ်ကွက်တွင် နေအိမ်ဆယ်လုံး ၊ အနောက်ကုန်းရပ်ကွက်တွင် နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့သည်။
ယင်းအပြင် ဇာဒီ နှင့် ခေါင်ပြန်ရွာကြားရှိ တံတားကြီးအနီး အနက် ၆ ပေခန့်ရှိသည့် ကျင်းတူးပြီး လမ်းပိုင်းကို ဖြတ်တောက်ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။