BREAKING
April 14, 2025

ထိုင်း ချွန်ဘူရီတွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၅၀ ကျော် အလုပ်ရှင်ကို အမှုဖွင့်

December 26, 2024

ပုံစာ - အလုပ်သမားများက ဆာဝါဒီကန်တွင် အလုပ်ရှင်ကို ဒီဇင်ဘာလ ၂၅ရက်က အမှုဖွင့် တိုင်ကြားနေစဉ်။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် သကြားစက်ရုံက မြန်မာအလုပ်သမား ၅၀ ကျော်သည် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အလုပ်ထုတ်ခံရသဖြင့် အလုပ်ရှင်ကို အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၄ ဦးကို အလုပ်ရှင်က အကြောင်းပြချက် တိတိကျကျမပေးပဲ ဒီဇင်ဘာလ ၂၀ ရက်မှစ၍ ရုတ်တရက် အလုပ်က ရပ်နားခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

စက်ရုံက လည်ပတ်မှု၊ အလုပ်လုပ်ကိုင်ရမှု နည်းပါးနေသည်ဟု အလုပ်ရှင်ဘက်က အကြောင်းပြ၍ မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်းမကြားပဲ အလုပ်က ရပ်နားခဲ့ကြောင်း ဆိုသည်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်ဘက်က အလုပ်သမားများကို အလုပ်ရပ်နားလိုပါက ၁၅ ရက် ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး နေ့ချင်းညချင်း အလုပ်ထုတ်ပိုင်ခွင့်မရှိပေ။

ယခု မြန်မာအလုပ်သမားများက နေ့ချင်းညချင်း အလုပ်ထုတ်ခံရသဖြင့် ရသင့်ရထိုက်သော နစ်နာကြေးများရရှိရန် နယ်မြေခံ ဆာဝါဒီကန်ရုံးသို့ အလုပ်သမားများနှင့်အတူ အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG အဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း WAG အဖွဲ့၏ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“အဓိကကတော့ သူတို့က လူထုတ်တယ်ဗျာ။ ပြီးရင် (အခြားအလုပ်သမားတွေကို) ပြန်သွင်းမှာပေါ့။ အဲဒီလိုဒီဇိုင်းမျိုးတွေ သူတို့က လုပ်နေတာ။ မြန်မာပြည်သားတွေကို လုပ်လို့ရတယ်ဆိုပြီး လုပ်နေတော့ နယ်မြေခံရုံးတွေကို သွားရောက် တိုင်ကြားရတာပဲ” ဟု ၎င်းက ဆိုသည်။

အလုပ်ထုတ်ခံရသော အလုပ်သမားများသည် တရားဝင် အလုပ်သမားများဖြစ်ကြပြီး နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်လာသော အလုပ်သမားများနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ကိုင်ဆောင်ထားသော အလုပ်သမားများ ပါဝင်ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

လက်ရှိတွင် အလုပ်ထုတ်ခံရသော အလုပ်သမားများတွင် လုပ်သက်နှစ်ကြီးသမားများလည်း ပါဝင်နေသဖြင့် နှစ်အလိုက် လျော်ကြေးရရှိရန် တောင်းဆိုထားပြီး အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရမည့်အချိန်ဖြစ်နေသဖြင့် ဆုံးရှုံးသွားသော ဗီဇာသက်တမ်းတိုးစရိတ်ကိုလည်း ပြန်လျော်ပေးရန် တောင်းဆိုထားကြောင်း အလုပ်သမားများထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေအရ အလုပ်သမားများသည် အလုပ်ထုတ်ခံရပါက လုပ်သက်အလိုက် နစ်နာကြေး ခံစားပိုင်ခွင့်ရှိသည်။

ဥပဒေအရ လုပ်သက် ၃ လမှ ၁ နှစ်ကြား ရှိသူများက လုပ်အားခ တစ် လစာ၊ လုပ်သက် ၁ နှစ်မှ ၃ နှစ်ကြားရှိပါက သုံးလစာ၊ လုပ်သက် ၃ နှစ်မှ ၆ နှစ်ကြားရှိပါက ခြောက် လစာ စသော နစ်နာကြေးများ ခံစားပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။