BREAKING
February 24, 2025

ဝဥ ဈေးနှစ်ဆမြင့်တက်

December 26, 2024

ဓာတ်ပုံ - Dawei Watch

ဝဥတူးဖော်သည့်ရာသီဖြစ်သည့် လက်ရှိအချိန်တွင် ဝဥဈေးနှစ်ဆမြင့်တက်လာကြောင်း ဘုတ်ပြင်းနှင့် မြိတ်မြို့နယ်ရှိ ဝဥတောင်သူများနှင့် ကုန်သည်အချို့ထံမှ သိရသည်။

ဝဥကို ဖေဖော်ဝါရီလဝန်းကျင်တွင် စတင်စိုက်ပျိုးကြပြီး ဆောင်းရာသီအစဖြစ်သည့် အောက်တိုဘာလဝန်းကျင်တွင် အများအားဖြင့် တူးဖော်ပြီး ရောင်းချလေ့ရှိသည်။

လက်ရှိတွင် ဝဥအစို ‌တစ်ပိဿာလျှင် ငွေကျပ် လေးထောင်ဝန်းကျင် ဈေးပေါက်နေပြီး ဝဥအခြောက်တစ်ပိဿာလျှင် ကျပ် နှစ်သောင်းဝန်းကျင်ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယမန်နှစ်ကမူ ဝဥအစိုတစ်ပိဿာလျှင် ကျပ် နှစ်ထောင်ဝန်းကျင်နှင့် ဝဥအခြောက်တစ်ပိဿာလျှင် ကျပ် တစ်သောင်းကျော်သာ ဈေးပေါက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ဝဥတောင်သူများထံမှ သိရသည်။

ဒေသတွင်းထွက်သည့် ဝဥကို တရုတ်နှင့် ဂျပန်အပါအဝင် ပြည်ပနိုင်ငံများကို အဓိကတင်ပို့ရောင်းချနေရာက လက်ရှိတွင် မြန်မာပြည်တွင်းထုတ်လုပ်သည့် စားသောက်ကုန်များတွင်ပါ ဝဥကိုအသုံးပြုလာကြသဖြင့် ဝဥဈေးလည်းတက်လာသည်ဟု ယူဆကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ဝဥကုန်သည်တစ်ဦးက ဆိုသည်။

“ဈေးက‌တော့ တစ်နှစ်ထက်တစ်နှစ်ပို ကောင်းလာတယ်။ သယ်ယူပို့ဆောင်‌ရေး အခက်အခဲတွေ‌တော့ရှိတယ်” ဟု ၎င်းက ပြောသည်။

မြိတ်မြို့နယ်ရှိ တောင်သူအချို့ကမူ ဝဥအစိုကိုသာ အဓိကထားရောင်းချလေ့ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်မှာတော့ ဝဥအစိုပဲလုပ်တာများတယ်။ ဝယ်မယ့်သူနဲ့ ဈေးညှိတာ အဆင်ပြေရင် အခုချက်ချင်းတူး အခုချက်ချင်းရောင်းလိုက်တာပဲ” ဟု မြိတ်မြို့နယ်နေ ဝဥစိုက်ပျိုးသူတစ်ဦးက ပြောသည်။

ဘုတ်ပြင်းနှင့် မြိတ်မြို့နယ်အပါအဝင် တနင်္သာရီတိုင်းတွင် ဝဥကို သီးခြားစိုက်ပျိုးသူများရှိသလို သဘာဝအလျောက် အလေ့ကျပေါက်သည့် ဝဥကို ဒေသခံများက တူးဖော်ရောင်းချသူများလည်း ရှိသည်။

တောင်သူများရောင်းချသည့် ဝဥအစိုကို ပွဲရုံနှင့် စက်ရုံများက ဝဥအခြောက်ပြုလုပ်ကာ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ဝဥကို ခေါက်ဆွဲခြောက်၊ အသားတု၊ အသားလုံးစသဖြင့် စားသောက်ကုန်များထုတ်လုပ်သလို အလှကုန်နှင့် ဆေးဝါးထုတ်လုပ်များတွင်လည်း အသုံးပြုကြသည်။