BREAKING
December 26, 2024

ထားဝယ် ရှမ္မတွင်းရွာတွင် တိုက်ပွဲဖြစ်မည်စိုးရိမ်ပြီး ရွာသားအချို့ရွှေ့ပြောင်း

December 26, 2024

ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာတွင် ယခု ဒီဇင်ဘာလတတိယပတ်အတွင်း ရွာသားအချို့ ရွှေ့ပြောင်းနေကြကြောင်း ရွာသားများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ရက်က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်ကို ကော်သူးလေတပ်မတော်၊ တပ်ရင်း (၃) က လာရောက် ပစ်ခတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ပြောသည်။

အဆိုပါစစ်ကြောင်းသည် ရှမ္မတွင်းရွာသို့သွားမည်ဟု ဒေသခံများကို ပြောဆိုထားပြီး ဒီဇင်ဘာလ ၂၅ရက်တွင် ရှမ္မတွင်းနှင့်နီးသည့် ရောင်းမော်ရွာသို့ စစ်ကြောင်းရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံရွာသားများက ဆိုသည်။

“ရှင်မုတ္ထီး၊ ရောင်းမော်၊ စော်ဖျားဘက်ကို စစ်သား တစ်ရာလောက်ရောက်လာတော့ ရှမ္မတွင်းက လမ်းဆုံလို ဖြစ်နေတော့ တိုက်ပွဲ ထဖြစ်မှာကြောက်လို့ ပြေးကြတာ၊ ရွာမှာတော့အချို့ကျန်သေးတယ်။ အများစုကတော့ ရွှေ့ကြတယ်” ဟု ရှမ္မတွင်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ရှမ္မတွင်းရွာပြောင်းရွှေ့ရမည်ဆိုသည့် ကောလာဟလ သတင်းထွက်ခဲ့သေးသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းကြည့်ရာ စစ်ကောင်စီ ဘက်ကရော တော်လှန်ရေးအင်အားစုများဘက်ကပါ ရွာပြောင်းရွှေ့ရန် ဖိအားပေးထားခြင်း မရှိကြောင်း ပြောဆိုကြသည်။

“ရွာပြောင်းဖို့ စစ်တပ်ဘက်က ဖိအားပေးထားတာ မရှိပါဘူး။ ဒါပေမဲ့ ဆန်တွေ စားစရာတွေ သယ်တဲ့အခါ စစ်တပ်ဂိတ် ဖြတ်ရင် ရှမ္မတွင်းကလို့ ပြောတာနဲ့ အကန့်အသတ်နဲ့ပဲ သယ်ခိုင်းတယ်။ နေရစားရတော့ နည်းနည်းကျပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “တိုက်ပွဲဖြစ်မှာစိုးလို့ ကိုယ်ဝန်သည်တွေ၊ သက်ကြီးပိုင်းတွေကို ရွှေ့ပြောင်းကြဖို့ သတိပေးတာပဲရှိတယ်။ ရွာပြောင်းဖို့ ဖိအားပေးတာ မရှိဘူး” ဟု ဆိုသည်။

ရှမ္မတွင်းရွာသည် ထားဝယ်မြို့အနီး ရှိ ကျေးရွာတစ်ရွာဖြစ်သည်။ ပေါက်တိုင်းတံတားကို တော်လှန်ရေးအင်အားစုများက လာရောက်တိုက်ခိုက်ချိန်တိုင်းတွင် ရှမ္မတွင်းရွာဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပြန်လည် ပစ်ခတ်လေ့ရှိသည်။

ဒီဇင်ဘာလ ၂၀ရက်က ပေါက်တိုင်းတံတား ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က အရာရှိ တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးသည်ဟု KTLA ဘက်က ပြောဆိုထားပြီး ယင်းအချက်အလက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။