ကိုဗစ်-၁၉ လို့ အမည်ရတဲ့ သည်ရောဂါကို ကျွန်တော်တို့တွေ မုန်းလှပြီ။ ခု သည်စာကို ရေးနေတဲ့ ခဏမှာသော်မှ နှာခေါင်းစည်းတွေတပ်ပြီး ဆေးခန်းမှာ လူနာကြည့်နေရင်း ကိုယ့်ကိုယ်ကိုယ်သော်မှ လှောင်ပိတ်မိနေသလိုပါပဲ။
ဘယ်လူနာကများ ထူးပြီး ကိုဗစ် ဖြစ်နေလေမလဲ ဆိုတဲ့အတွေးနဲ့ အဖျား နဲ့ ချောင်းဆိုးတဲ့ လူနာတွေ လာတိုင်း သံသယတွေနဲ့ ကြည့်နေရသလို ကိုယ်သည် အချိန်မရွေး ပိုးတွေ့လူနာနဲ့ ထိစပ်သူ (Contact Person) ဖြစ်လာနိုင်တာ အမြဲတွေးနေကြရတယ်။
နေ့တဓူဝ ပုံမှန် အလုပ်တွေလည်း သည်နေ့အထိ ပုံမှန် မဖြစ်သေးပါဘူး။ အဆိုးဆုံးက စာအုပ် ချဉ်ခြင်းတပ်တဲ့ စာဖတ်သူအဖို့ ခါတိုင်း မနက် လေယာဉ် ဆိုက်တာနဲ့ နေ့စဉ်ထုတ် သတင်းစာလေး၊ ဂျာနယ်လေးတွေ ပြေးဝယ်ပြီး ဖတ်နေကျ စာအုပ်တွေ၊ ဂျာနယ်တွေ မဖတ်ရဘူး။ အားလပ်တဲ့အချိန် မိတ်ဆွေ တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း လေကန်ဖို့လည်း အရင်ကလို မဝံ့ရဲကြသေးဘူး။ အားလပ်ရက်တွေမှာ ခရီးသွားချင်ကြတဲ့ စိတ်တွေလည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြသေးပါဘူး။
ကိုဗစ်အလွန်ကို ကျွန်တော်တို့ မျှော်တွေးနေမိတာ ကြာပေါ့လေ။ ကမ္ဘာ့ အပြင်ဘက် ကိုဗစ်ကို ထွက်သွား စေချင်တာလည်း ကြာလှပေါ့။ ခုဆို ကိုရိုနာ တဖြစ်လည်းနဲ့ ကမ္ဘာကို စပြီး မိတ်ဆက်ခဲ့တာ ၂၀၂၀၊ ဒီဇင်ဘာ ဆိုရင် တစ်နှစ်ရှိ ပြီပေါ့။ ၂၀၁၉၊ ဒီဇင်ဘာ လကုန်ပိုင်း တရုတ်အလယ်ပိုင်း ဟူပေခရိုင်လေးက စခဲ့တဲ့ ကိုရိုနာမျိုးစိတ်ဝင် RNA ဗိုင်းရပ်စ် က အတော့်ကို ကမ္ဘာကို မွှေနှောက်ခဲ့ပေတယ်။
၂၀၂၀၊ ဇန်နဝါရီ ၃၀ မှာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ (World Public Health Emergency)အဖြစ်လည်းကောင်း၊ ၂၀၂၀၊ မတ် ၁၃မှာ ကမ္ဘာ့ကပ် ရောဂါ (World Pandemic)အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ကြေညာခဲ့ရတဲ့ သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ အချိန်တိုလေးအတွင်းမှာကိုပဲ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀ဝ ကျော်ကို ကူးစက်ပျံ့နှံ့ ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု မြင့်လှ ပါတယ်လို့ သူတို့ကိုယ်သူတို့ ယုံနေကြတဲ့ အမေရိကန်၊ အီတလီ၊ ဂျာမနီတို့သော်မှ ကိုဗစ်ရဲ့ ဒဏ်ကို အတော်ခံခဲ့ကြရတယ်။
ကိုဗစ် အစောပိုင်းကာလတွေမှာ ကိုဗစ်ရဲ့ ရိုက်ခတ်မှုကို မခံခဲ့ရတဲ့ မြန်မာ နိုင်ငံဟာ ပဏာမ နေ့တွေကို လာအိုနဲ့ အတူ သာသာယာယာ ဖြတ်ကျော်ခဲ့တယ်။ မတ် ၂၃ မှာ ပထမဆုံးသော ကိုဗစ် ပိုးတွေ့လူနာကို တွေ့ခဲ့ရပေမဲ့ ပထမ လှိုင်းကာလဆိုရမဲ့ မတ်လမှသည် သြဂုတ်လအထိ ငါးလတာ ကာလမှာ ပိုးတွေ့လူနာ နံပါတ် ရာကျော်နဲ့ အသေအပျောက် ခြောက်ယောက်ပဲ ရှိခဲ့တယ်။
စက်တင်ဘာကစတဲ့ ဒုတိယလှိုင်း မှာတော့ အတိုင်းအတာ တစ်ခုအထိ လျင်လျင်မြန်မြန်နဲ့ ကူးစက်ပျံ့နှံ့ခဲ့ကြတာ မို့ အသေအပျောက်လည်း များခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ဒီဇင်ဘာ ၁၆ မနက်ပိုင်း ထုတ်ပြန်တဲ့ စာရင်းတွေအရ ပိုးတွေ့ လူနာပေါင်း ၁၁၀၆၆၇ ရှိခဲ့ပြီး အဲသည်အထဲက ၂၃၁၉ ဦး အသက်ဆုံးရှုံးခဲ့ ရပြီ လို့သိရပါတယ်။ ကူးစက်မှုများတဲ့ ကူးစက်မှု ဗဟိုဖြစ်တဲ့ ရန်ကုန်မှာ အသေ အပျောက်ရော၊ ရောဂါ ဖြစ်ပွားမှုပါ များခဲ့တယ်။ သို့သော် လတ်တလော အနေအထားအရ ရောဂါတွေ့ရှိမှုဟာ မန္တလေး၊ ပဲခူး၊ မွန်နဲ့ ဧရာဝတီ တို့ဘက်ကို ရွှေ့လာခဲ့ပြီလို့ ဆိုနိုင်တယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန် ကြေညာချက်အရ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေအထိ တနင်္သာရီတိုင်းမှာ ပိုးတွေ့ လူနာပေါင်း ၅၃၈ ဦးရှိခဲ့ပြီး သုံးဦး သေပျောက်ခဲ့ပြီလို့ ဆိုတယ်။ မကြာ မတင်မှာပဲ သည်မှာဘက် တိုင်းဒေသကြီးမှာလည်း ရောဂါတွေ့ရှိမှု သည်ထက် များလာနိုင်သလို အသေအပျောက်တွေ ရှိလာနိုင်တယ်လို့ မန်း၊ မွန်၊ ပဲခူးတို့ အခြေအနေတွေကို ကြည့်ပြီး မှန်းဆထားကြတယ်။
တစ်နှစ်အထိ ကြာလာပြီဖြစ်တဲ့ ကမ္ဘာ့ကပ်ရောဂါကာလမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍတွေကို လှည့်မကြည့်နိုင်သည်အထိ ကိုဗစ်ကို အလေးပေးခဲ့ကြတယ်။ ကိုဗစ် ပိုးတွေ့တာနဲ့ ချက်ချင်းဆိုသလိုပဲ ဆေးရုံတင်ပြီး ကုသမှုပေးတယ်။ သူနဲ့ ပဏာမ ထိစပ်သူတွေကို Facility Quarantine Center တွေမှာ ထားပြီး သီးခြားခွဲကာ ရောဂါ ကူးစက်မှုကို ဖြတ်တောက်ဖို့ ကြိုးစားကြတယ်။
ပိုးတွေ့လူနာ တစ်ဦးအတွက် နိုင်ငံတော်က ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ ကုန်ကျတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ခံစားကြရသူအတွက်က သိန်း ၂၀ ကျော်ကနေ ၃၀ အထိ နိုင်ငံတော်က ကုန်ကျနေပါတယ်တဲ့။
နည်းဗျူဟာ ကစားကွက်နဲ့ ပေါ်လစီ ပြောင်းချိန် တန်ပြီလား
ပိုးတွေ့သူ လူနာ စုစုပေါင်းရဲ့ ၉၉ ဒသမ ၅ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ နည်းနည်းပါးပါးပဲပြတာ ဖြစ်နိုင်သလို ဘာရောဂါလက္ခဏာမှ မခံစားကြရတာ ဖြစ်နိုင်တယ်။ ဝ ဒသမ ၅ ရာခိုင်နှုန်းသာပဲ ရောဂါလက္ခဏာ ဆိုးရွားနိုင်ပါတယ်လို့ ကမ္ဘာ့ စစ်တမ်းတွေကဆိုတယ်။ ရောဂါ ခံစားကြရသူရဲ့ ၉၇ ရာခိုင်နှုန်းဟာ ပြန်လည်သက်သာ ကောင်းမွန်လာကြပြီး ရောဂါ ဖြစ်ပွားသူရဲ့ ၃ ရာခိုင်နှုန်း က သေဆုံးနိုင်ပါတယ်လို့ ဆိုကြပါတယ်။
ကမ္ဘာ့ စစ်တမ်းအရ ကမ္ဘာ့ လူဦးရေ ရဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်းဟာ ပိုးတွေ့ လူနာ ဖြစ်နေတယ်လို့ ဆိုတယ်။ အမှန် ကူးစက်ခံနေကြရတာဟာ သည်ရာခိုင် နှုန်းထက် ပိုလွန်နိုင်ပါသတဲ့။ အမှန်သာ ရောဂါပိုးကို ပိုမိုရှာဖွေ စစ်ဆေးနိုင်မယ် ဆိုရင် သည့်ထက်မက ပိုးတွေ့နိုင်တယ်လို့ ဆိုတယ်။ ဓာတ်ခွဲ စစ်ဆေးမှု နိုင်နိုင် နင်းနင်းသာ လုပ်နိုင်မယ်ဆိုရင် သည့်ထက် ပိုးတွေ့နိုင်တယ်။ သည့်ထက်ပိုပြီး ကူးစက်မှုခံရပြီး ဖြစ်နေနိုင်ပါတယ်လို့ ဆိုတယ်။
သည်ပိုးတွေ့နှုန်း အတိုင်းသာ မြန်မာ့ လူဦးရေ ၅၄ သန်းနဲ့ တွက်ကြည့် ရင် ပိုးတွေ့လူနာ ဖြစ်နေနိုင်တာ ၁၃ သိန်း အထိ ရှိနိုင်တယ်။ လက်ရှိ ပိုးတွေ့လူနာ တိုင်း ဆေးရုံတင်တဲ့ ပေါ်လစီအရဆိုရင် အဲသည် လူနာ ၁၃ သိန်းအထိ ကိုးလ အတွင်း ဆေးရုံတင်ကုသကြရနိုင်တယ်။ သည်လူနာတွေကို ဆေးရုံ တင်ကုသမှု ပေးရင် လူနာတစ်ယောက် ကျသင့်ငွေ ၁၅ သိန်းနဲ့ဆို ဘယ်လောက် ရှိမလဲ။ ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေဖြစ်တဲ့ လူတွေကိုရော ကွာရန်တင်းစင်တာတွေ မှာထားဖို့ အသင့်ရှိနေမလား။ ပေါ့စတစ် တစ်ယောက်နဲ့ ထိစပ်သူ ၁၁ ဦး ထားတွက်ရင် ထိစပ်သူ စုစုပေါင်း ၁၄ သန်း အတွက် နေရာစီစဉ်ကြရမယ်လို့ ကိုဗစ်အရေး လေ့လာသူ ဒေါက်တာ ဦးမောင်မောင်မြင့်က တွက်ပြပါတယ်။
တစ်ဖက်က တွက်ကြည့်တဲ့အခါ အဲသည် လူနာတွေ အားလုံးကိုသာ ဆေးရုံတွေ တင်၊ ကွာရန်တင်း စင်တာတွေ ပို့ကြဖို့ ကိုယ့်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်တဲ့ အင်အားနဲ့ဆိုရင် အလှမ်း ကွာလှပါတယ်။ ရောဂါရဲ့ ဆိုးရွားနိုင်စွမ်း နည်းပါးလို့သာ နိုင်နင်းသယောင် ရှိနေပေမဲ့ မကြာမတင်မှာ သည့်ထက် ပြင်းထန်ဆိုးရွားလာတန်စွမ်းကို ကျွန်တော်တို့တွေ မျှော်တွေးထားကြရမှာ ဖြစ်တယ်။
လတ်တလောမှာသော်မှ သာမန် အနံ့မရပါဘူး ဆိုတဲ့ လူနာတွေဟာ အရင်ကလို အသည်းအသန် ဆေးရုံ ဆေးခန်းနဲ့ ဖျားနာကု ဆေးခန်းတွေဘက် မလာရဲကြတော့ပါဘူး။ စစ်ဆေးလို့ ပိုးတွေ့သူကို ဆေးရုံတင်၊ ၁၁ ရက်ထား၊ ထိစပ်သူတွေ အပြုံလိုက်ကို ကွာရန်တင်း စင်တာတွေပို့နဲ့ လူမှုစီးပွားရေးကို ပက်ပက်စက်စက် ထိခိုက်စေတာ သိလာတဲ့ အခါ၊ အတော်များများဟာ သာမန် ရောဂါ လက္ခဏာလောက်နဲ့ ဆေးရုံ ဆေးခန်းကို မရောက်လာကြတာဟာ စိုးရိမ်စရာ အနေအထားတစ်ခုလို့ ဆိုနိုင်တယ်။
မုန်တိုင်း ကြီးကြီးမားမားမကျမီ လေငြိမ်နေသလို ဆိုချင်ပါတယ်။ အမှန် မရှူနိုင်မကယ်နိုင်တော့တဲ့ အခါမှ ဆေးရုံ ဆေးခန်းတွေ ရောက်လာတဲ့အခါ သည့် ထက် ပိုပြီး ခက်ခက်ခဲခဲ ကြုံလာကြရနိုင် ပါတယ်လို့ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူတွေက တွက်ဆနေကြတယ်။ အစိုးရ ဘက်က ပေါ်လစီမပြောင်းလို့ ပြည်သူ တွေဘက်က ကိုယ့်ဘာသာကိုယ် ပြောင်းလဲလိုက်ကြတဲ့ သဘောသဘာဝ လို့ ဆိုနိုင်ပေမဲ့ အန္တရာယ် ကြီးပါတယ် လို့ ဆိုချင်တယ်။
တစ်ဖက်က ပိတ်ထားတာတွေ ပြန်ဖွင့်ကြပါမယ်လို့ လေကြောင်းလိုင်းတွေ ဖွင့်ဖို့ဟန်တွေ ပြင်ကြတယ်။ သို့သော် ကိုဗစ်ဖြစ်ရင် ဆေးရုံတင် ဆေးကုသမှု ခံကြရမယ်ဆိုတဲ့ ပေါ်လစီက မပြောင်းလဲတဲ့အခါ သာမန်နေထိုင်လို့ ကောင်းပြီး ခရီးသွားကြရမယ့် သူတွေအဖို့ ခရီး မသွားကြရပါဘဲ အကောင်းပကတိ ချမ်းသာစွာရှိပါလျက်ကယ်နဲ့ ကိုယ်က ဆေးရုံတက်၊ ကိုယ့်မိသားစုက ကွာရန်တင်း စင်တာတွေကို ရောက်ကြရမဲ့ အကျပ်အတည်းက မနည်းလှပါဘူး။ အမှန် ပြောရရင် လုပ်ငန်းခွင်က ကုန်ကား မောင်းသူ ကျန်းကျန်းမာမာကြီးတွေကို နှာခေါင်း တို့ဖတ်ယူ၊ စစ်ဆေးပြီး အတင်း ဆေးရုံတင်ကုသနေ သလိုမျိုး ခံစားမှုကို သာမန် ခရီးသွားသူတွေပါ ခံစားလာကြရမှာ မြင်ယောင်ပါတယ်။
ဆိုခဲ့သလို ကမ္ဘာ့စစ်တမ်းအရ ရောဂါလက္ခဏာ မဆိုးနိုင်တဲ့ ၉၉ ဒသမ ၅ ရာခိုင်နှုန်းကို အတင်း ဆေးရုံတင် ကုသကြမယ့် အကျိုးဆက်ကြောင့် ဆေးရုံဆေးခန်းကို မလာရဲကြပါဘဲ ကိုယ့်ဘာသာကိုယ် အိမ်မှာ ကြိတ်ကုရင်း အချိန်နှောင်းပါမှ ဆေးရုံတက်လာကြမယ့် အနေအထားမှာ အသေ အပျောက်ရာနှုန်းသည် ကမ္ဘာမှာ ၂ ဒသမ ၂ ရာနှုန်းပဲရှိပေမဲ့ သည်လို ဆေးရုံကြောက် ရောဂါကြောင့် သည်ရာနှုန်းထက် အဖိတ်အစင်ရှိလာနိုင်တယ်လို့ မှန်းဆထားပါတယ်။
ပေါ့စတစ်တိုင်း ဆေးရုံတင်မယ့်အစား ကျန်းမာရေး ပညာပေးပြီး ဆောင်ရန်၊ ရှောင်ရန် ပြောပြပြီး မိမိနေအိမ်မှာ သီးခြားခွဲနေဖို့ ပညာပေး၊ သူ့မိသားစုကို ကျန်းမာရေး ပညာပေးပြီး ဆောင်ရန်၊ ရှောင်ရန်နဲ့ အန္တရာယ်လက္ခဏာတွေ ရှိလာတဲ့အခါ ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေကို ဆောလျင်စွာ ဆက်သွယ်ပြီး ကုသမှု ခံယူကြစေတာက နိုင်ငံအတွက်ရော၊ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လူမှုစီးပွားနဲ့ အနေအထားတွေအရ ပိုသင့်တော်လေမလားလို့ အချို့ပညာရှင်တွေက ထောက်ပြနေကြတယ်။ မွန်နဲ့ မန်းမှာတော့ မနိုင်တော့လို့ အဲသည်နည်းတွေ စသုံးနေကြပြီလို့ သိရပါတယ်။
အခြားတစ်ဖက်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးဝန်ထမ်း တွေ စာရင်းကောက်ယူကြတာ၊ ရပ်ကွက်ထဲ လူဦးရေနဲ့ အိမ်ထောင်စုစာရင်း ကောက်ယူနေကြတာတွေ တွေ့ရပါတယ်။ သည့်အတွက် အချို့က အတော် ဝမ်းမြောက်ပျော်ရွှင်ကြတာ တွေ့ကြရပေမဲ့ RNA Virus ဖြစ်သည့်အတွက် ကာကွယ်ဆေးဝါးတွေ ဖော်ထုတ်ဖို့ရှိနေတဲ့ အခက်အခဲနဲ့ အာမခံနိုင်စွမ်း နည်းပါးပြီး ဘယ်သူကမှ သည်ကာကွယ်ဆေးဟာ ဘယ်နှနှစ်အထိ ကာကွယ်ပေး နိုင်တယ်ဆိုတာကို ကံသေကံမ မဆိုနိုင်တာကလည်း အမှန်ပဲ ဖြစ်တယ်။ ပြီးတော့ နှစ်ကြိမ် ထိုးနှံအပြီး ဘယ်တော့ ထပ်ထိုး ရမယ်ဆိုတာနဲ့ ဘယ်အထိ ကာကွယ်ပေး နိုင်ပါတယ်ဆိုတာကိုလည်း သေချာ မသိကြရပါဘူးတဲ့။ မြန်မာဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအနေနဲ့ အခြားနိုင်ငံတွေဆီက အထောက်အပံ့ရပါမှသာ ကာကွယ်ဆေး စထိုးနှံနိုင်မှာကလည်း အမှန်တရား ဖြစ်တယ်။
ဘာပြောပြော ကိုဗစ်ကမ္ဘာကို ရောက်ခဲ့တာ တစ်နှစ်ရှိပါပြီ။ ကိုဗစ်ကြောင့် အထိနာခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေး နာလန်ထူနိုင်ကြဖို့ ဆိုတာ အတော် ရုန်းကန်ကြရဦးမယ့် အနေ အထားဖြစ်တယ်။ ဖွင့်မလို၊ ပိတ်မလို ပေါ်လစီ အတည်တကျ မရှိကြတဲ့ ကစားကွက်တွေမှာ ကျွန်တော်တို့တွေ နေ့တဓူဝ ဘဝတွေဟာ အတည်တကျ မရှိကြပါဘူး။
ကမ္ဘာမြေက အမြန် ပြန်သွားစေချင်တဲ့ ကိုဗစ်-၁၉ ဟာလည်းသည် ကမ္ဘာ ကနေ အဝေးကို ပြေးမယ့် အရိပ်အယောင် သည်နှစ်ပိုင်း မမြင်ရသေးပါဘူး။ သူနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မယ့် လက်ကို ခဏခဏဆေးဖို့၊ မျက်နှာ အကာအကွယ် တပ်ဆင်ဖို့၊ လူစုလူဝေး ကို ရှောင်ဖို့ ဆိုတဲ့ New Normal Life Style ကသာ ကိုဗစ်ရဲ့ ဘေးက လွတ်နိုင်မယ့် ထွက်ပေါက်တစ်ခုအဖြစ် ဆိုချင်တယ်။
ကံမကောင်းလို့ ထိတွေ့မှု ဖြစ်မိတဲ့ အခါ ဖြစ်ဖြစ်၊ ပိုးထိခဲ့ရင်ဖြစ်ဖြစ် မလိုအပ်ပါဘဲ အချိန်နဲ့ မိသားစု ပါထိခိုက်မှု ဖြစ်တန်စွမ်းကိုလည်း အမြဲစိုးရွံ့ရင်း အရာရာ မသေချာ၊ မရေရာမှုတွေများလှတဲ့ ကိုဗစ်ရဲ့အလွန်ကို နေ့တဓူဝ တွေးမျှော်မိနေကြတာကိုလည်း ဝန်ခံပါ ရစေလား။