BREAKING
January 22, 2025

ပြည်ပရောက် အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းပြန်ရန် NUG ယာယီသမ္မတပြော

November 26, 2024

ဓာတ်ပုံ - NUG

မြေပြင်တွင် လက်တွေ့ကျကျအင်အားတည်ဆောက်ရမည်ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် အားလုံး ပြည်တွင်းတွင် အင်အားလာစုပြီး လက်တွေ့ကျကျလုံ့လထုတ်စေလိုကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၆ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ သတိချပ်ဖို့လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို့ အန်ယူဂျီ အစိုးရက ‘အဝေးရောက်အစိုးရ’ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအတွက် အချိန်ပေးသင့်သည်ထက် ပိုမိုပေးခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မြေပြင်အင်အားကို စုစည်းရန် နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် အစိုးရအဖွဲ့ဝင်များကို အလေးအနက် တိုက်တွန်းလိုကြောင်း ၎င်းက ဆိုသည်။

လက်ရှိလုပ်ဆောင်နေသည့် တော်လှန်ရေးသည် လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေး ဖြစ်သောကြောင့် ယခင် လုပ်ရိုးလုပ်စဉ်များအတိုင်း လုပ်ဆောင်၍ မရတော့ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

တရုတ်နိုင်ငံခြားရေးသဘောထားရလဒ်က ထွက်ပေါ်လာသည့် ဖိအားများကို လျစ်လျှူရှု၍ မရဘဲ မဟာဗျူဟာ အပြောင်းအလဲအနေဖြင့် ရှုမြင်ပြီး တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားစေရန် လုပ်ဆောင်ရေးကို စဉ်းစားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တိုအနေနဲ့ရော၊ မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်” ဟုလည်း ယာယီသမ္မတက ပြောသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကမူ ၂၀၂၅ခုနှစ် တော်လှန်ရေးအတွက် အလှည့်အပြောင်း ဖြစ်လာမည့် နှစ်ဖြစ်သဖြင့် တော်လှန်ရေးအရွေ့အတွက် ထိရောက်မှုရှိစေမည့် လုပ်ငန်းဆောင်တာများကို ဝန်ကြီးများအားလုံး ဦးစားပေး လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။