BREAKING
January 22, 2025

KNDO တပ်ဖွဲ့ဝင်ကို မြိတ် PDF တပ်ရင်းတစ်ခုက သတ်ဖြတ်မှုဖြေရှင်းချက်ပေးရန် KNDO ထုတ်ပြန်

November 26, 2024

KNU တပ်မဟာ (၄)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၇) က ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၁) က သတ်ဖြတ်ခဲ့သည့်ကိစ္စကို ဖြေရှင်းချက်ပေးရန် KNDO က ထုတ်ပြန်သည်။

ရဲဘော်မောင်နိုင်ကို မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်သည်ဆိုသည့် မှန်ကန်သည့်ဖြေရှင်းချက်ပေးရန် မြိတ်ခရိုင် တပ်ရင်း (၁) ကို KNDO က အသိပေးအကြောင်းကြားထားကြောင်း ဖော်ပြသည်။

ရဲဘော်မောင်နိုင်သည် တော်လှန်ရေးကို အားသွန်ခွန်စိုက်လုပ်ဆောင်ရန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် နယ်သာလန် နိုင်ငံမှ ပုလောနယ်မြေသို့ ပြန်လည် ရောက်ရှိလာသူဖြစ်ကြောင်း KNDO က ထုတ်ပြန်ထားသည်။

ယင်းနောက် လက်နက်ကိုင်တပ်ဖွဲ့များအတွက် လိုအပ်ချက်များကို အစွမ်းရှိသမျှဆောင်ရွက်ပေးနေသူဖြစ်ကြောင်းလည်း ဖော်ပြသည်။

နိုဝင်ဘာလ ၂၅ ရက်တွင် ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင်တပ်ရင်း (၁) ၊ တပ်ခွဲ (၁) မှ ရဲဘော်များက ကိစ္စရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့်အပေါ် များစွာတုန်လှုပ်ချောက်ချားမိကြောင်း KNDO က ဆိုသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ယုံကြည်မှု၊ သစ္စာရှိမှု၊ တစ်ဦးအပေါ်တစ်ဦး စောင့်ထိန်းရမည့် ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်းလည်း KNDO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရဲဘော်မောင်နိုင်ကို သတ်ဖြတ်ခဲ့သည့်ကိစ္စနှင့်ပက်သက်ပြီး မှန်ကန်သည့်အကြောင်းပြချက်မပေးပါက ပြင်းထန်သော လက်တုံ့ပြန်ခြင်းနှင့် ဆိုးရွားသောအကျိုးဆက်များ ကြုံတွေ့ရမည်ဖြစ်ကြောင်း KNDO က သတိပေးထားသည်။

အထက်ပါကိစ္စကို KNDO တပ်ရင်း(၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းနှင့် မြိတ်ခရိုင် PDF တပ်ရင်း (၁) တို့ ညှိနှိုင်းဖြေရှင်းနေကြောင်း မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

“နှစ်ဖက်ညှိနှိုင်းမှူတော့ရှိနေတယ်။ (ဘာထူးလဲဆိုတာ) ခုလောလောဆယ်တော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

အသက် ၅၀ ခန့်ရှိ ရဲဘော်မောင်နိုင် ဖမ်းဆီးသတ်ဖြတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မြိတ်ခရိုင် PDF တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးကို နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်းတွင် မေးမြန်းရာ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုရန် မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

“လောလောဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ရင် ပြောစရာမရှိသေးပါဘူးခင်ဗျ” ဟု ၎င်းက ပြောသည်။

မြိတ်ခရိုင် PDF တပ်ရင်း (၁) သည် မြိတ်အခြေစိုက် ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNDO၊ KNLA တပ်ရင်းတပ်ဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေးရှိပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။