BREAKING
November 26, 2024

စစ်ကောင်စီ ပယောဂကြောင့် ထားဝယ်မြို့တွင် လုယက်မှုများ ဆက်တိုက်ဖြစ်

November 26, 2024

စစ်ကောင်စီက လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင်ခွင့်ပြုထားသည့် ထားဝယ်မြို့ တွင် ယခုလ (နိုဝင်ဘာ)အတွင်း လုယက်ခံရမှု ၃ ကြိမ်အထိဖြစ်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။

နိုဝင်ဘာလ ၂၅ ရက်က ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ကွက်တွင် အမျိုးသမီးငယ်တစ်ဦး ဖုန်းပြောရင်း လက်ကိုင်ဖုန်း လုယက်ခံခဲ့ရသည်ဟု ကာယကံရှင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည် ။

လုယက်ခံရသည့် ကာယကံရှင် နှင့် Dawei Watch ကစကားပြောခွင့်ရရန် ချိတ်ဆက်ခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သဖြင့် အသေးစိတ်ကို မေးမြန်းခွင့်မရခဲ့ပေ။

အလားတူ နိုဝင်ဘာလ ၁၉ ရက်ကလည်း ထားဝယ်မြို့၊ ကမ်းနားလမ်း၊ သဲကွင်းအနီးတွင် အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ် လုယက်ခံရကြောင်း သိရပြီး နောက်ဆက်တွဲ အခြေအနေသိရှိရန် စုံစမ်းနေဆဲဖြစ်သည်။

ယင်းသို့လုယက်မှုများ ဖြစ်ပွားလာခြင်းမှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှစကာ ကြက်စားပြင်ရပ်ကွက်ရှိ လယ်ကွင်းများတွင် စစ်ကောင်စီက လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင် လုပ်ကိုင်ခွင့်ပြုလိုက်ပြီးချိန်မှ စတင်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“လုယက်တာ ထားဝယ်မှာ အရင်က ကြားမှမကြားဖူးတာ ။ အခုက လောင်းကစားဝိုင်းတွေ နဲ့ လူတွေ အကျင့် စာရိတ္တပျက်စီးပြီး မဟုတ်တာတွေ လုပ်နေကြတာ ။ အသွားအလာကို ဂရုစိုက်ရတော့မယ် ” ဟု ထားဝယ်မြို့ ၊ ဒေါင်းငူရပ်ကွက်က အမျိုးသမီးတစ်ဦး ကပြောသည်။

နိုဝင်ဘာလဆန်းပိုင်းကလည်း ထားဝယ်မြို့ ၊ ကျန်းမာရေးလမ်းတွင် ဓားထောက်လုယက်မှုတစ်ခု ဖြစ်ခဲ့ပြီး ယင်းလုယက်မှု ကျူးလွန်သည့် ကျောက်ရပ်ရွာက အမျိုးသားကိုမူ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သဖြင့် ဖမ်းမိခဲ့သည် ။

ထားဝယ်မြို့နယ် ၊ ကနိုင်းဒါရွာတွင် ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက နိုဝင်ဘာလဆန်းတွင် ဝင်ဖမ်းပြီးနောက် လောင်းကစားဝိုင်းများသည် ထားဝယ်မြို့ပေါ်နှင့် စစ်ကောင်စီ၏ စကခ ၈ ဌာနချုပ် တည်ရှိသည့် ထားဝယ်မြို့နယ် သပြေချောင်းရွာသို့ ပြောင်းရွှေ့ပြုလုပ်နေကြောင်း မြို့ခံများထံကသိရသည် ။