BREAKING
November 26, 2024

နေအိမ်သည် အမျိုးသမီးများအတွက် အန္တရာယ်အရှိဆုံးနေရာ - ကုလအစီရင်ခံစာ

November 26, 2024

၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း လက်တွဲဖော် သို့မဟုတ် ဆွေမျိုးရင်းချာတစ်ဦးဦး၏ သတ်ဖြတ်မှုကြောင့် တစ်နေ့လျှင် အမျိုးသမီးနှင့် မိန်းကလေးဦးရေ ပျမ်းမျှ ၁၄၀ ခန့် သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အနှံ့တွင် အမျိုးသမီးနှင့် မိန်းကလေးဦးရေ ၈၅,၀၀၀ ဦး အသတ်ခံခဲ့ရပြီး ယင်းတို့၏ ၆၀ ရာခိုင်နှုန်းမှာ လက်တွဲဖော် သို့မဟုတ် မိသားစုဝင်တစ်ဦးဦး၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် ယင်းအစီရင်ခံစာကို တနင်္လာနေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အမျိုးသမီးများနှင့် မိန်းကလေးများသည် လိင်အကြမ်းဖက်မှုဒဏ်ကို နေရာအနှံ့တွင် ဆက်လက်ခံစားနေရဆဲ ဖြစ်သည်။ အမျိုးသမီးများအဖို့ လိင်အကြမ်းဖက်မှုနှင့် လွတ်ကင်းသည့် နေရာဟူ၍ မရှိပေ” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

“အမျိုးသမီးများနှင့် မိန်းကလေးများအတွက် အန္တရာယ်အရှိဆုံးနေရာမှာ ၎င်းတို့၏ နေအိမ်ပင် ဖြစ်နေသည်”

အာဖရိကတိုက်သည် ကမ္ဘာပေါ်တွင် အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှု အဖြစ်များဆုံး ဒေသဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း အာဖရိကတိုက်တွင် အမျိုးသမီးနှင့် မိန်းကလေးဦးရေ ၂၁,၇၀၀ ခန့်သည် ၎င်းတို့၏ လက်တွဲဖော် သို့မဟုတ် မိသားစုဝင်တစ်ဦးဦး၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။

လူဦးရေအချိုးအစားအရ အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုအများဆုံးဒေသမှာလည်း အာဖရိကတိုက်ပင် ဖြစ်ပြီး အမျိုးသမီးနှင့် မိန်းကလေးဦးရေ တစ်သိန်းတွင် ၂.၉ ဦးမှာ လိင်အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည်။

ဥရောပနှင့် တောင်မြောက် အမေရိကတိုက်များမှ လိင်အကြမ်းဖက်ခံရပြီး သေဆုံးသူအမျိုးသမီးနှင့် မိန်းကလေးအများစုမှာ ၎င်းတို့ လက်တွဲဖော်၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ကမ္ဘာ့အခြားနေရာများတွင်မူ မိသားစုဝင်တစ်ဦးဦး၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းက ပိုများသည်။

ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်း တောင်မြောက်အမေရိကတိုက်နှစ်ခုစလုံးတွင် အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုနှုန်း မြင့်မားခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားပြီး အမျိုးသမီးနှင့် မိန်းကလေးဦးရေ တစ်သိန်းလျှင် ယင်းသို့ အသတ်ခံခဲ့ရသူ အရေအတွက်မှာ ၁.၆ ဦး ရှိသည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ်အတွင်း သမုဒ္ဒရာနိုင်ငံများ၌ အမျိုးသမီးနှင့် မိန်းကလေးဦးရေ တစ်သိန်းလျှင် လိင်အကြမ်းဖက်သတ်ဖြတ်ခံရသူ ၁.၅ ဦး ရှိခဲ့သည်။ ကမ္ဘာ့အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် အာရှတွင် ယင်းသို့ အသတ်ဖြတ်ခံရသည့်နှုန်းမှာ သိသိသာသာ နိမ့်နေပြီး အမျိုးသမီးနှင့် မိန်းကလေး တစ်သိန်းလျှင် ၀.၈ ဦးသာ ယင်းသို့ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ အသတ်ခံရသည့် အရေအတွက်မှာ ဥရောပ၌ အမျိုးသမီးနှင့် မိန်းကလေးဦးရေ တစ်သိန်းလျှင် ၀.၆ ဦးသာ ရှိသည်။

လက်တွဲဖော် သို့မဟုတ် မိသားစုတစ်ဦးဦး၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသူများတွင် အမျိုးသားများရော အမျိုးသမီးများပါ ပါဝင်နေသော်လည်း ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတလွှားမှ လူသတ်မှု ၈၀ ရာခိုင်နှုန်း၏ သားကောင်မှာ အမျိုးသားများ ဖြစ်ကြောင်း၊ အမျိုးသားများ သေဆုံးခဲ့ရသည့် လူသတ်မှုများ၏ ၁၂ ရာခိုင်နှုန်းသည်သာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတလွှားမှ အမျိူးသမီးများအသတ်ခံရမှု ၆၀ ရာခိုင်နှုန်းမှာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် ဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

အမျိုးသမီးများနှင့် မိန်းကလေးများ လိင်အကြမ်းဖက်သတ်ဖြတ်ခံရမှုများကို တားဆီးကာကွယ်ရန် နိုင်ငံအသီးသီးတွင် ကြိုးပမ်းအားထုတ်မှုများ ရှိနေသော်လည်း ယင်းသို့သတ်ဖြတ်ခံရမှုများမှာ စိုးရိမ်စရာအတိုင်းအတာဖြင့် ဆက်လက်ဖြစ်ပွားနေကြောင်း ယင်းအစီရင်ခံစာက သတိပေးထားသည်။

“ယင်းသို့ အသတ်ခံရမှုပုံစံများမှာ အမျိုးသမီးများနှင့် မိန်းကလေးများ လိင်အကြမ်းဖက်မှုဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ခံစားရပြီးမှသာ ဖြစ်ပွားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသို့သော လိင်အကြမ်းဖက်သတ်ဖြတ်မှုများကို အချိန်မီ ထိရောက်စွာ ကြားဝင်စွက်ဖက်မှုဖြင့် တားဆီးနိုင်သည်”ဟု သက်ဆိုင်ရာ အေဂျင်စီနှစ်ခုကလည်း ထုတ်ပြန်ထားသည်။

အမျိုးသမီးများ လိင်အကြမ်းဖက်သတ်ဖြတ်ခံရမှုများ တိုးပွားလာနေသည့်အပေါ် အမျိုးသမီးထု၏ ကန့်ကွက်ဆန္ဒပြပွဲများသည် တူရကီ၊ ကင်ညာ၊ အိန္ဒိယနှင့် မက္ကဆီကိုအပါအဝင် နိုင်ငံအချို့တွင် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။

အမျိုးသမီးများလိင်အကြမ်းဖက်သတ်ဖြတ်ခံရမှုများ တိုးပွားလာသည့်အရေးကို ဟန့်တားရန် ဥပဒေအသစ်များ ထုတ်ပြန်ရန် ကတိပေးသည့် အစိုးရများမှာလည်း နိုင်ငံတကာတွင် ပိုမိုတိုးပွားလာနေသည်။

Source – Al Jazeera, The Guardian

No related posts found.