BREAKING
November 26, 2024

မြိတ်ငါးဖမ်းစက်လှေ မီးလောင်မှုတွင် ဒဏ်ရာရသည့် လှေလုပ်သားတစ်ဦး သေဆုံး

November 26, 2024

ပုံစာ - နိုဝင်ဘာလ ၂၂ ရက်ညက မီးလောင်ခဲ့သည့် ဝါလတ်ငါးဖမ်းလှေ ။

မြိတ်မြို့၊ တလိုင်းစုရပ်၊ ဆိပ်ငယ်ဘောတံတားအနီးရေလယ်မှ ဆီဘောအနီးတွင်ဖြစ်ပွားခဲ့သည့် ငါးဖမ်းစက်လှေမီးလောင်မှုတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် လှေလုပ်သားနှစ်ဦးအနက် လှေလုပ်သား ကိုအောင်မျိုးမင်း သေဆုံးသွားသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံကသိရသည်။

မြိတ်ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ယမန်နေ့(နိုဝင်ဘာ ၂၅ရက်) နံနက် ၇ နာရီခန့်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“မီးတစ်ကိုယ်လုံးလောင်ထားတော့ ဒဏ်ရာက အတော်ပြင်းတယ်။ ဆီးသွားရင် သွေးအရမ်းပါနေကတည်းက အခြေအနေမကောင်းဘူးဆိုတာ သတိထားမိတယ်”ဟု ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြန်ပြောပြသည် ။

ဆေးကုသမှုခံယူနေဆဲ ကျန်လှေလုပ်သားတစ်ဦး၏ ဒဏ်ရာမှာလည်း စိုးရိမ်ရဆဲအနေအထားတွင်ရှိကြောင်း ၎င်းကဆက်ပြောသည်။

သေဆုံးသွားသည့် လှေလုပ်သား ကိုအောင်မျိုးမင်း ၏ စျာပနကို မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်တွင် မြိတ်မြို့၌ ပြုလုပ်သွားမည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည် ။

အဆိုပါ ငါးဖမ်းစက်လှေသည် နိုဝင်ဘာလ ၂၂ ရက် ည ၇ နာရီဝန်းကျင်တွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအတွင်း လှေလုပ်သားဟု ယူဆရသည့် မီးလောင်ထားသော အရိုးပြာတစ်ခုတွေ့ရှိခဲ့ရသည့်အပြင် လှေလုပ်သား နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ မီးသတ်ရဲဘော်တစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။

မီးလောင်စဥ် ရေထဲခုန်ချခဲ့၍ လူမှုကယ်ဆယ်ရေး အဖွဲ့များကယ်ဆယ်ခဲ့သဖြင့် အသက်ဘေးလွတ်မြောက်သူသုံးဦး နှင့် မီးသတ်သမားများ၏ မီးလောင်ပြင်အတွင်း လှေပေါ်မှကယ်ထုတ်မှုကြောင့် လွတ်မြောက်သူ နှစ်ဦး စုစုပေါင်း ငါးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်အချို့ နှင့် မြို့ခံ လူမှုကယ်ဆယ်ရေး အသင်းများထံကသိရသည်။

ယင်း ဝါလတ်ငါးဖမ်းလှေ သည် ဆီဘောအနီး ဆီပေပါများ ဆီဖြည့်တင်းနေစဥ် မီးလောင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။