ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် ဖိုင်ဘာ(Fiber)ကြိုးများ ပြတ်တောက်နေခြင်းကြောင့် တနင်္သာရီတိုင်းအတွင်း အက်တမ်ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းမှစပြီး တိုင်းအတွင်းရှိ နေရာတိုင်းတွင် အက်တမ်ဖုန်းလိုင်းများ ပြတ်သွားခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ပြန်မရသေးကြောင်း အက်တမ်သုံးစွဲသူတို့က ပြောသည်။
Dawei Watch ၏ စုံစမ်းမေးမြန်းချက်အရ ထားဝယ်-ရေဖြူလမ်းပိုင်း ကျောက်လုံးကြီးကျေးရွာအနီးတွင် ဖုန်းဆက်သွယ်ရေးကြိုး(ဖိုင်ဘာကြိုး) ပြတ်တောက်နေခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းရှိ အက်တမ်ကုမ္ပဏီရုံးခွဲနှင့်နီးစပ်သူတို့၏ အဆိုအရ ကျောက်လုံးကြီးကျေးရွာအနီးတွင် ပြတ်တောက်နေသည့် ဖိုင်ဘာကြိုးကို ပြန်ဆက်ထားပြီဖြစ်ကြောင်း၊ သို့သော် ထားဝယ်- ရေဖြူမြို့နယ်လမ်းပိုင်း ၂၇ မိုင်းနားတွင်တစ်ကြိမ်၊ ဥဿရံကျေးရွာအနီးတွင်တစ်ကြိမ် ဖိုင်ဘာကြိုးများ ထပ်ဖြတ်ခံထားရကြောင်း သိရသည်။
“ကတ်ကြေးနဲ့ကို ညှပ်ဖြတ်တာလို့ပြောတယ်” ဟု နီးစပ်သူတစ်ဦးကဆိုသည်။
ကြိုးဖြတ်မှုနှင့်ပတ်သက်၍ အက်တမ်ကုမ္ပဏီနှင့် ဖိုင်ဘာကြိုး ဝန်ဆောင်မှုကုမ္ပဏီတို့အကြား အငြင်းပွားမှုများရှိနေပြီး ပြဿနာ မပြေလည်သဖြင့် ပြန်ဆက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ယင်းအငြင်းပွားမှု အခြေအနေကို အက်တမ်ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာတွင် တရားဝင်ဖြေဆိုပေးခြင်း မရှိသဖြင့် အသေးစိတ်ဖော်ပြနိုင်ခြင်းမရှိပေ။
တနင်္သာရီတိုင်းရှိ ဖိုင်ဘာကြိုးများကို ပြုပြင်ထိန်းသိမ်းပေးနေသည့် ကုမ္ပဏီ( ဖိုင်ဘာကုမ္ပဏီ) ဝန်ထမ်းတစ်ဦးကလည်း ၎င်းတို့ကုမ္ပဏီနှင့် အက်တမ်ကုမ္ပဏီတို့ကြား အငြင်းပွားမှုဖြစ်ပွားနေကြောင်း ပြောဆိုသည်။
“ဖိုင်ဘာကြိုးတွေက ကျွန်တော်ကုမ္ပဏီကပိုင်တာ။ အဲဒါကိုအက်တမ်က ခွင့်ပြုချက်မရှိဘဲနဲ့ လာဆက်တယ်” ဟု ၎င်းဝန်ထမ်းကဆိုသည်။
လတ်တလော အက်တမ်ဖုန်းလိုင်းကျနေခြင်းမှာ ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိသည့်အပြင် ရုံးချုပ်မှလည်း အက်တမ်ဖိုင်ဘာကြိုး ပြတ်တောက်နေသည့်ကိစ္စ တစ်စုံတရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ ကုမ္ပဏီက ဖိုင်ဘာကြိုးတွေကတော့ အကုန်ကောင်းတယ်။ အက်တမ်ဖုန်းလိုင်းတွေ ဘာကြောင့်လိုင်းကျနေလဲဆိုတာကတော့ သူတို့ကုမ္ပဏီကိုပဲသွားမေးကြည့်ပါ” ဟု ၎င်းဝန်ထမ်းက ဆက်လက်ပြောဆိုသည်။
ယင်းအတွက်ကြောင့် တိုင်းအတွင်းရှိ အက်တမ်ဖုန်းလိုင်းများ မည်သည့်အချိန်ပြန်ရမည်ကို တိတိကျကျ မသိနိုင်သေးပေ။
တနင်္သာရီတိုင်းတွင် အက်တမ်းသုံးစွဲသူပေါင်း နှစ်သိန်းခန့်ကို တာဝါတိုင်ပေါင်း တစ်ရာကျော်ဖြင့် အက်တမ်ကုမ္ပဏီက ဝန်ဆောင်မှုပေးထားသည်။
အက်တမ်းဖုန်းလိုင်းအပြင် ဒေသတွင်းနေရာအချို့တွင် MPT ဖုန်းလိုင်းများလည်း ပြတ်တောက်လျက်ရှိသည်။ ယင်းအပြင် အော်ရီဒူးဖုန်းလိုင်းမှာလည်း မကြာခဏ လိုင်းပြတ်တောက်လျက်ရှိသည်။