BREAKING
January 22, 2025

ပုလောက တပိုရွာတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်နေပြီး နေအိမ်တစ်လုံးမီးရှို့ခံရ

November 26, 2024

ပုလောမြို့နယ်၊ တပိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတို့ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားနေအိမ်တစ်လုံး မီးရှို့ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

တပိုကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့မှစကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်က တပိုရွာအတွင်းဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထိုနောက် နိုဝင်ဘာလ ၂၄ ရက်‌ နေ့လယ်ပိုင်းတွင် ကင်ပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်သားများကို စက်တော်ရာရွာအဝင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

စက်တော်ရာရွာမှာ တပိုရွာနှင့် မနီးမဝေးတွင်တည်ရှိပြီး မြိတ်-ထားဝယ်သွား ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။

ယင်းနောက် စစ်ကောင်စီတပ်က တပိုကျေးရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးနှစ်ကြိမ်ချ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ပကဖ က မိုင်းဆွဲလိုက်တယ်လို့ကြားတယ်။အထိအခိုက်တော့ မသိရသေးဘူး။တိုက်ပွဲကတော့ နားလိုက် တိုက်လိုက် ဖြစ်‌နေတာပါ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံအား ဆက်သွယ်ထားဆဲဖြစ်သည်။

ထိုကြောင့် တိုက်ပွဲဖြစ်ပွားမှုအသေးစိတ်အခြေအနေနှင့် နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။

နိုဝင်ဘာလ ၂၅ရက်နေ့ နံနက်တွင် တပိုရွာတံတားထိပ်ရှိ ဦးဆန်းပုနေအိမ်အား စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် ယင်းတံတားအနီးတွင်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အရှို့ခံရတဲ့အိမ်က လူမနေတာကြာပြီ။ဟိုးအရင်တိုက်ပွဲတွေစဖြစ်ကတည်းက ရွာထဲဘက်ပြောင်းနေ‌ တာကြပြီ။ အိမ်ထဲမှာ ဘာပစ္စည်းမှမရှိတော့ဘူး”ဟု ၎င်းက ပြောသည်။

မီးရှို့ခံရသည့်အိမ်မှာ ဓနိမိုး၍ သံဇကာတပ်ထားပြီး ဈေးဆိုင်ပုံစံဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ခရီးသွားကားများက မိန်းမမြို့ရွာတွင် ခေတ္တရပ်နားထားကြပြီး တိုက်ပွဲခဏတာ ရပ်နားချိန်တွင် ဆက်လက်ထွက်ခွာသွားကြကြောင်း ဒေသခံများက ဆိုသည်။