မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယနေ့နံနက်(နိုဝင်ဘာ ၂၆ ရက်) ၁၀ နာရီကျော်ဝန်းကျင်မှ စတင်ကာ ညနေ ၅ နာရီကျော်သည်အထိ တစ်နေကုန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။
လယ်သစ်ကျေးရွာအနောက်ကမ်း၌ နေရာယူထားသည့် ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လယ်သစ်အရှေ့ကမ်းသို့ အဆက်မပြတ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သလို ပြည်သူ့ကာကွယ်ရေး တပ်ဖက်မှလည်း ပြန်လှန်ပစ်ခတ်ခဲ့သည့် အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။
“စစ်တပ်ဖက်က လက်နက်ကြီးချည်းပဲ ပစ်တာအချက်ရေ သုံးဆယ်ကျော် လေးဆယ်လောက်ရှိမယ်။လက်နက်ငယ်ကတော့ ပစ်တာ ဆူညံနေတာပဲ”ဟု ဒေသခံအမျိုးသားကပြောသည်။
တစ်နေကုန်ဖြစ်သည့် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း ကြားရကြောင်း ဒေသခံများကပြောသည်။
“ကျတဲ့ ရဲဘော်နာမည်က ဒေါင်းမင်း လို့သိရတယ်။လက်နက်ကြီးကျည်မှန်ပြီး ကျဆုံးတယ်ကြားရတယ်။ တိတိကျကျတော့ တပ်အပ်မပြောနိုင်သေးဘူး”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။
ကျဆုံးသည်ဟုဆိုသော ရဲဘော်နှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။
လယ်သစ်ကျေးရွာသို့ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်များ နိုဝင်ဘာ ၂၃ ရက်နေ့က တစ်ကျော့ပြန်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နိုဝင်ဘာ ၂၅ ရက်မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။
ရွာသားများမှာ နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက ဘေးလွတ်ရာ တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ၎င်းတို့ထံမှသိရသည်။
လယ်သစ်ကျေးရွာတွင် ၂၀၂၂ နှစ်အစမှစတင်ကာ နှစ်ဖက်တိုက်ပွဲ မကြာခဏဖြစ်ခဲ့သည်။