Apple ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့ရာ စတိဗ်ဂျော့စ် ၏ ကယ်လီဖိုးနီးယားရှိနေအိမ်သည် သမိုင်းဝင်နေရာ တစ်ခု ဖြစ်လျက်ရှိကာ၊ အဆိုပါ အိမ်ထဲတွင် စီးခဲ့သည့် ကွင်းထိုးဖိနပ်ကို ဒေါ်လာ နှစ်သိန်းကျော် (၂သိန်း၁သောင်း၈ထောင်) ဖြင့် လေလံတင်ရောင်းချခဲ့ရသည်။
၁၉၇၀ ကာလများက စတိဗ်ဂျော့စ် စီးခဲ့သော အဆိုပါ အညိုရောင်ဖိနပ်သည် ကွင်းထိုးဖိနပ်များ လေလံတင်ရာ၌ အမြင့်ဆုံးစျေးရရှိသွားခြင်း ဖြစ်သည်ဟု Julien’s Auctions လေလံကုမ္ပဏီက ပြောကြားခဲ့သည်။
နှစ်ပေါင်းများစွာ အိမ်တွင်း စီးထားသည့် ဖိနပ်ဖြစ်သည့်အတွက် ဖိနပ်တွင် စတိဗ်ဂျော့စ် ၏ ခြေရာထင်နေကြောင်း လေလံကုမ္ပဏီက ထုတ်ပြန်ထားသည်။
အဆိုပါ ကွင်းထိုးဖိနပ်အဟောင်းကို ဒေါ်လာ (၆သောင်း) ရရှိရန် ခန့်မှန်းထားခဲ့ပြီး နောက်ဆုံး ရောင်းစျေးက ဒေါ်လာ (၂၁၈၀၀၀) အထိ ရရှိခဲ့ခြင်း ဖြစ်သည်။
စတိဗ်ဂျော့စ် နှင့် ဝေါ့ဇ်နစ်ခ် တို့သည် ၁၉၇၆ ခုနှစ်တွင် ကယ်လီဖိုးနီးယား လော့စ်အယ်တို့စ် မြို့ ဂျော့စ် ၏ မိဘများ နေအိမ်၌ Apple ကို ပူးတွဲတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အိမ်ကို မြို့၏ သမိုင်းကော်မရှင်က သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ စတိဗ်ဂျော့စ် သည် (၂၀၁၁) ခုနှစ်တွင် ပန်ကရိယကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။